ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ နန့်စမ်း(၃)ကျေးရွာအနီးတွင် ယနေ့ ညနေ လေးနာရီခွဲခန့်က စစ်ကောင်စီ၏ တပ်စခန်းတစ်ခုကို ကချင်လွတ်မြောက်ရေးတပ် (KIA) အဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကေအိုင်အေအဖွဲ့ သွားရောက်တိုက်ခိုက်ခဲ့သည့် တပ်စခန်းသည် ယခင်က ကေအိုင်အေတပ်စခန်းတစ်ခုဖြစ်ကြောင်း မြေပြင်နှင့် နီးစပ်သည့် အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“ကေအိုင်အေတွေ ထားခဲ့တဲ့ စခန်းနေရာဟောင်းမှာတပ်စွဲတဲ့ စစ်တပ်စခန်းအသေးတစ်ခုကို သွားတိုက်ပြီး စခန်းပြန်သိမ်းလိုက်တာတဲ့၊ PDF နဲ့ KIAတွေ သွားတိုက်တာပေါ့၊ တိုက်ပွဲက ဆက်ဖြစ်လာဖို့ရှိတယ်” ဟုပြောသည်။

နန့်စမ်း(၃)ကျေးရွာသည် ကေအိုင်အေ တပ်မဟာ ၉၊ တပ်ရင်း ၆ နယ်မြေဖြစ်ပြီး ယခု တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်စခန်းသည် စစ်ကောင်စီတပ်မ (၃၃)၊ ခ.မ.ရ (၁၁၁)မှ စစ်ကောင်စီစစ်သား ၇၀ နီးပါး ရှိသည့် တပ်စခန်းတစ်ခုဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ကချင်လွတ်မြောက်ရေးတပ် KIA နှင့် PDF ပူးပေါင်းအဖွဲ့တို့က တပ်စခန်းကို သိမ်းလိုက်သည်ဟု ဒေသခံများကပြောဆိုနေသော်လည်း The 74 Mediaမှ အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်သည်။

အဆိုပါတိုက်ပွဲတွင် လက်နက်ကြီး ပစ်ခတ်သံများကို ဝါရာဇွပ်ကျေးရွာမှ ကြားရကြောင်း လုံခြုံရေးကြောင့် အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“ပစ်ခတ်တာတော့ ဆူညံနေတာပဲ၊ လက်နက်ကြီးသံ ဟုတ်တယ်၊ ရွာနဲ့ဝေးတယ် တောထဲပစ်နေတာ၊ လက်နက်ကြီးသံ တော်တော်များတယ်၊ ဆက်တိုက်တော့မဟုတ်ဘူး တစ်ခါခါ ကြားရတာ” ဟု သူကပြောသည်။

တိုက်ပွဲသည် ညနေ ၄ နာရီခွဲခန့်မှ ညနေ ၆ နာရီ အထိ ဖြစ်ပွားခဲ့ပြီး ကျေးရွာများ ထိခိုက်မှု မရှိကြောင်း ဒေသခံများထံမှ သိရသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင်သာမက ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်နေ့က ဧရာဝတီမြစ်ဘေးရှိ ရွှေကူမြို့၊ ဘိုကုန်းကျေးရွာ ကျောက်တန်း ရေကာတာအနီးတွင် ကေအိုင်အေ ပူးပေါင်းအဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီသင်္ဘောမှ တပ်သားသုံးဦးနှင့် သင်္ဘောမောင်းနှင်သူ တစ်ဦး လက်နက်ကြီးထိမှန်ကာ သေဆုံးခဲ့သည်။

ပုံ/ ကချင်ပြည်နယ် ရှေ့တန်းတစ်နေရာမှ ကေအိုင်အေစစ်သည်များကိုတွေ့ရစဉ်။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ