ဖားကန့်မြို့နယ်တွင် ကချင်လွတ်မြောက်ရေးတပ်(KIA) အဖွဲ့မှ စစ်ကောင်စီ၏ တပ်စခန်းနှစ်ခုကို သိမ်းပြီးနောက် ယနေ့ နံနက် ၉ နာရီခန့်မှ စတင်ပြီး စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်နေသည့်အပြင် ဗျူဟာကုန်းများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်းသိရသည်။

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ နန့်စမ်း(၃) ကျေးရွာ တပ်စခန်းနှင့် အောင်လင်းမှော်ဒေသရှိ စစ်ကောင်စီ၏ တပ်စခန်းနှစ်ခုကို KIA အဖွဲ့မှ ယနေ့ နံနက်ပိုင်းက သိမ်းပိုက်ပြီးနောက် အဆိုပါတပ်စခန်းများသို့ တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း မြေပြင်နှင့် နီးစပ်သူ သတင်းရင်းမြစ် တစ်ဦးက The 74 Media ကိုပြောသည်။

“အခုလည်း လေယာဉ်တစ်စီးလာတယ်၊ တိုက်လေယာဉ်ရော ရဟတ်ယာဉ်ရော လာတယ်၊ လေယာဉ်ကနေ စက်သေနတ်တွေနဲ့လာပစ်တာက သုံးကြိမ်လောက်ရှိပြီ၊ လေယာဉ်ဗုံးတော့ လာချတဲ့အသံတော့ မကြားမိဘူး လေယာဉ်နဲ့လာပစ်တဲ့နောက်တော့ မြေပြင်ပစ်ခတ်သံတွေက တော်တော်ငြိမ်သွားတယ်၊ တောထဲတော့နည်းနည်းပစ်နေသေးတယ်” ဟု သူကပြောသည်။

ထို့အပြင် ဖားကန့်ဗျူဟာကုန်းနှင့် ကံဆီးဗျူဟာကုန်းမှ တိုက်ပွဲဖြစ်ပွားရာနေရာများသို့ လက်နက်ကြီးများဖြင့်ပစ်ကူနေကြောင်း အမည်မဖော်လိုသူ ဖားကန့်ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“ဖားကန့် ဗျူဟာနဲ့ ကံဆီးဗျူဟာက လက်နက်ကြီးနဲ့ ပစ်နေတာ၊ မနက်ကတည်းနေ ပစ်နေတာ၊ ရွာသားတွေကတော့ ဘယ်မှ မထွက်ပြေးရသေးဘူး ၊ ထွက်ပြေးရတာလည်း ခဏခဏဖြစ်နေပြီလေ၊ သေနတ်သံတွေကြားမှ နီးတယ်ဆိုပြီး ထွက်ပြေးတော့တာ” ဟု သူကပြောသည်။

KIA အဖွဲ့မှ ယနေ့နံနက်ပိုင်း သိမ်းပိုက်နိုင်ခဲ့သည့် စစ်ကောင်စီတပ်စခန်းနှစ်ခုသည် စစ်ကောင်စီတပ်မ (၃၃)၊ ခ.မ.ရ (၁၁၁)မှ စစ်ကောင်စီစစ်သား ၇၀ နီးပါး ရှိသည့် တပ်စခန်းများဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့တိုက်ပွဲနှင့် ပတ်သက်ပြီး သတင်းအချက်အလက်များကို သိရှိနိုင်ရန် KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံထံ The 74 Media မှ ဆက်သွယ်မှုရရှိနိုင်ရန် ကြိုးစားနေသည်။

တနိုင်းမြို့နယ်၊ လဂျားဘွမ်ကျေးရွာနှင့် တရုံကျေးရွာအကြားတွင် အောက်တိုဘာလ ၂၂ ရက်နေ့က စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီစစ်ကြောင်းကို ကချင်လွတ်မြောက်ရေးတပ်(KIA)က မိုင်းခွဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက် မနည်းသေဆုံးခဲ့သည်။

ပုံ/ ကချင်ပြည်နယ် ရှေ့တန်းတစ်နေရာမှ ကေအိုင်အေစစ်သည်များ။

================
လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ