စစ်ကောင်စီတပ်နှင့်ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ကျဆုံးခဲ့သော ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) တပ်ဖွဲ့ဝင်တစ်ဦးအား ယနေ့ မွန်းလွဲ နှစ်နာရီအချိန်က သဂြိုလ်ခဲ့ကြောင်းသိရသည်။

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် ကျဆုံးခဲ့သော တပ်ဖွဲ့ဝင်အတွက် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းသွားသည်အထိ လက်စားချေ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း KNDF တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ရင်နာရတယ်ဗျာ။ ကမ္ဘာမကြေတော့ဘူး။ ကျနော်တို့လည်း စစ်အာဏာရှင် မပြုတ်ကျမချင်း အရေးတော်ပုံအောင်တဲ့အထိ ကိုယ့်ရဲဘော်တွေရဲ့ သွေးကြွေးအတွက် သူတို့ပြန်ဆပ်စေရမယ်။ ရဲဘော်ကို ငြိမ်းချမ်းတဲ့ အဖဘုရားရဲ့ ရင်ခွင်မှာ ခိုလှုံရပါစေလို့ ဆုတောင်းပေးပါတယ်။ ကျနော်တို့ ကရင်နီပြည်ကြီးရဲ့ သူရဲကောင်းအဖြစ် အမြဲတမ်း အသိမှတ်ပြု ဂုဏ်ယူနေမှာပါ” ဟု ပြောသည်။

ကျဆုံးသွားသော KNDF တပ်ဖွဲ့ဝင်မှာ အသက် ၃၈ နှစ်အရွယ် ဦးခွန်းလောအယ်ဖောဖြစ်ကြောင်းသိရသည်။

ဦးခွန်းလောအယ်ဖောသည် ယမန်နေ့က ဒီးမော့ဆိုမြို့နယ် စထူလွှီးဘီလာနှင့်ပဒုံငံကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့်ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် ကျဆုံးခဲ့ခြင်းဖြစ်ပြီး အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အယောက် ၂၀ ဦး‌ သေခဲ့ကြောင်း KNDF သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ခဲ့သည်။

ဒီးမော့ဆိုမြို့နယ်၊ ထူးလွီးဘီလာကျေးရွာ ခြေရာတော်ဘုရားတောင်အနီးတွင် ပြီးခဲ့သည့် နိုဝင်ဘာ ၆ရက်နေ့က စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော် (KA)၊ (KNDF) ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့ကြောင်း သိရသည်။

Photo -CJ

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ