လုံးခင်းကျေးရွာအုပ်စု၊ လယ်ပြင်ကျေးရွာရှိ စစ်ကောင်စီတပ်၏ ယမ်းချက်စက်ရုံတပ်စခန်းအနီးရှိခြံတွင် ယမန်နေ့ နိုဝင်ဘာ ၁၁ ရက် မွန်းလွဲ ၁ နာရီခန့်က မြေမြုပ်မိုင်း‌ပေါက်ကွဲခဲ့ပြီး ဒေသခံအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယမ်းချက်စက်ရုံတပ်စခန်း မျက်နှာချင်းဆိုင်မှ ခြံပိုင်ရှင် အသက် ၆၉ နှစ်အရွယ် ဦးချစ်ဆွေသည် ပေါင်းရှင်းနေစဉ် မိုင်းထိမှန်ခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံ သတင်းရင်းမြစ် တစ်ဦးက The 74 Mediaကိုပြောသည်။

“အဲ့နေရာတွေမှာက ခဏခဏဖြစ်တယ်၊ ပြောမယ်ဆိုရင် စစ်တပ်ကနေပြီးမှ အဲ့နေရာတွေမှာ မိုင်းတွေ သွားထောင်ထားတာပေါ့၊ အရင်တုန်းကတော့ လူထိခိုက်တာ မရှိဘူး တိရိစ္ဆာန်တွေ ခဏခဏဖြစ်တာ၊ စစ်တပ်ကတော့ မသွားဖို့ တားထားတယ်၊ သစ်ပင်တစ်ပင် ခုတ်တဲ့အချိန် မိုင်းထိသွားတာ၊ ခြေထောက်မှာ တော်တော်ဆိုးတယ်” ဟုသူကပြောသည်။

မိုင်းထိလူနာကို ဖားကန့်ရှိ ဆေးရုံများက လက်မခံသောကြောင့် မြစ်ကြီးနားသို့ ပို့ဆောင်ခဲ့ရပြီး စစ်ကောင်စီ၏ ကားမိုင်းစစ်‌ဆေး‌ရေးဂိတ်တွင် စစ်ဆေးမှုများကြောင့် တစ်နာရီခန့်ကြာ စောင့်ဆိုင်းခဲ့ရကြောင်း သူက ဆက်ပြောသည်။

“ကားမိုင်းဂိတ်မှာ တားထားသေးတယ်၊ ဗျူဟာမှူးအဆင့်အထိ သတင်းပို့နေတာတဲ့၊ ဖြစ်သွားတာက အသံက တော်တော်ကိုကျယ်တယ် သူ့ခြံထဲကနေ အဲ့စက်ရုံကို ဝင်လို့ရနိုင်တဲ့ အခြေအနေလေးရှိတယ်၊ အဲ့တာကြောင့် စစ်တပ်က သူတို့ကို တစ်ခုခု လုပ်မှာကြောက်လို့ အဲ့နားမှာ မိုင်းထောင်ထားတာပေါ့၊ တကယ်ဆို ပြည်သူပိုင်တဲ့နေရာမှာ မိုင်းထောင်လို့မရဘူးလေနော့်” ဟု သူကပြောသည်။

လယ်ပြင်ယမ်းချက်စက်ရုံသည် ယမ်းချက်လုပ်ငန်း ရပ်နားထားသော်လည်း စက်ရုံထဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားက တပ်စွဲထားပြီး အနီးတစ်ဝိုက်တွင် မိုင်းများထောင်ထားကြောင်း ဒေသခံများထံမှ သိရသည်။

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ အုပ်စု၊ မှော်စီစာကျေးရွာ အ.ထ.က (ခွဲ) ကျောင်းအနီးတွင်လည်း နိုဝင်ဘာလ ၅ ရက်နေ့က ရဲကားတစ်စီး မိုင်းခွဲခံရပြီး ကားမှန်များ ပျက်စီးခဲ့သည်။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ