ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မုံကိုးမြို့တွင် စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီတပ်ဖွဲ့၏ ယာဉ်တန်းကို ကိုးကန့် (MNDAA) တပ်ဖွဲ့များက မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဖောင်းဆိုင်ဒေသသို့ စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီ ယာဉ်တန်းသည် ကောင်းတပ်ကျေးရွာအနီးတွင် နိုဝင်ဘာ ၁ ရက်နေ့က MNDAAမှ မိုင်းခွဲတိုက်ခိုက်ခဲ့သဖြင့် စစ်ကားနှစ်စီးပျက်စီးသွားသည်ဟု အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“ဖောင်းဆိုင်ကို စစ်အင်အားတိုးတဲ့ စစ်ကြောင်း ဟုတ်တယ်၊ ရွာအပြင်မှာ ဖြစ်တာ နှစ်စီးမိုင်းခွဲခံရတာပေါ့၊ တစ်စီးက အားလုံးပျက်စီးသွားတယ်၊ တပ်မ ၇၇ကပေါ့ ၊ မုံကိုး ရောက်ခါနီးမှာ ကြားဖြတ်တိုက်ခံရတာ၊ ကောင်းတပ်၊ကောင်းလုံး အဲတစ်လျောက် ပစ်ကြတာ တစ်နေ့လုံးနီးပါးကိုဖြစ်တာ၊ အဲ့နေ့ ဖြတ်တာ အနည်းဆုံး ၁၀ စီးကျော်ပေါ့” ဟု သူကပြောသည်။

မိုင်းခွဲတိုက်ခိုက်ရမှု ရှိသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်အင်အားတိုးချဲ့မှုကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း သူက ဆက်ပြောသည်။

“စစ်တပ်က ကားတွေက ဒီတစ်ပတ်အတွင်းကို အစီး ၁၀၀ လောက်ရှိတယ်၊ ပစ်ခံရပြီးနောက်လည်း ဆက်သွားနေတာပဲ၊ ခု လမ်းတစ်လျှောက် အင်အားများလာတာပေါ့၊ နေ့တိုင်းနီးပါးကို အင်အားတိုးချဲ့တာပဲ၊ ပြီးတော့ ဗျူဟာကနေ လက်နက်ကြီးပစ်လို့ ရွာထဲကျပြီး အိမ်တွေ ဈေးဆိုင်တွေ ပျက်စီးတာတွေရှိတယ်” ဟု သူကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်အင်အားတိုးချဲ့မှု လုပ်ဆောင်နေသည့်အပြင် စစ်တပ်ဗျူဟာကုန်းမှလည်း နေ့စဉ်နီးပါး လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် အနီးအနားကျေးရွာများရှိ နေအိမ်နှင့် ဈေးဆိုင်များ ပျက်စီးမှုရှိခဲ့ကြောင်း သူကဆက်ပြောသည်။

မုံးကိုးမြို့နှင့် ပန်ဆိုင်းမြို့နယ်ဒေသများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကိုးကန့် (MNDAA)တပ်ဖွဲ့ဝင်တို့ကြား တိုက်ပွဲများဖြစ်ပွားနေသောကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှုတွေရှိခဲ့ပြီး ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်သည်။

ပုံ-နိုဝင်ဘာ ၁ ရက်နေ့ ကောင်းတပ်ရွာ အနီးတွင် မိုင်းခွဲခံခဲ့ရသည့် စစ်ကောင်စီယာဉ်တန်းမှ ကားနှစ်စီးမီးလောင်ခဲ့သည်ကို မြင်တွေ့ရစဉ်။

===============

တ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ