ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှ ပြည်သူခြောက်ဦးကို စစ်ကောင်စီစစ်ကြောင်းက ယမန့်နေ့က အကြောင်းမဲ့ဖမ်းဆီးသွားကြောင်းသိရသည်။

ဖယ်ခုံမြို့နယ်၊ တိုးချဲ့ရပ်ကွက်တွင် စစ်ကောင်စီစစ်ကြောင်းက ညီအစ်ကိုနှစ်ဦးအား ဖမ်းဆီးစစ်ဆေးပြီးနောက် နေအိမ်မှ ၎င်းတို့၏ အကိုဖြစ်သူကိုလည်း သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု လုံခြုံရေးကြောင့် အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“ဆိုင်ကယ်သွားပြင်ရင်း စစ်တပ်နဲ့တိုးလို့အဖမ်းခံလိုက်ရတာ။ အိမ်ဘယ်မှာရှိလဲဆိုတာ မေးတော့ အိမ်ကိုလိုက်ပြတော့ အိမ်မှာ သူ့အကိုရှိတာပေါ့နော်။ အိမ်ကိုရောက်တော့ သူ့အကိုလည်း ဘာမှမသိဘဲ ထပ်အဖမ်းခံရတာ။ ဖမ်းတုန်းက သူ့အဖေရှိတာ စကားပြောခွင့်မပေးဘူး။ သေချင်ရင်စကားဆက်ပြော၊ မသေချင်ရင်ပါးစပ်ပိတ်လို့ပြောလို့ သူ့အဖေကလည်း ဘာမှမပြောရဲဘူး”ဟု ပြောသည်။

စစ်ကောင်စီစစ်ကြောင်းက ညီအစ်ကို သုံးယောက်စလုံးကို ဖမ်းဆီးသွားပြီးနောက် ညသန်းခေါင်တွင် ဖခင်ဖြစ်သူနှင့် ဘေးအိမ်ရှိ လူငယ်နှစ်ဦးကိုလည်း လာရောက်ဖမ်းဆီးသွားကြောင်း သူကဆက်ပြောသည်။

“ညသန်းခေါင် လောက်မှာ ပြန်လာဖမ်းသွားတာ။ အဖေဖြစ်သူဆီမှာ လက်နက်ရှိတယ်လို့စွပ်စွဲပြီးဖမ်းသွားတာ။ သူ့သားတွေကို ဖမ်းသွားတဲ့စစ်သားတွေကပဲ လာဖမ်းသွားတာ။ သူ့အဖေအိမ်ထဲမှာလည်း အကုန်လုံးရိုက်ချိုးထားတယ်” ဟု ပြောသည်။

ဖမ်းဆီးခံရသူများသည် တောင်ယာလုပ်ကိုင်သူများဖြစ်ကြပြီး လက်ရှိအချိန်တွင် ၎င်းတို့ကို မည်သည့်နေရာသို့ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရှိကြောင်း သူကဆက်ပြောသည်။

ထပ်မံဖမ်းဆီးခံရသူများသည် အသက် ၅၀ကျော်အရွယ် ဦးမောင်နဲ၊ ၂၁ နှစ်အရွယ် မောင်ပီး၊ ၁၉ နှစ်အရွယ် မောင်ဟန်၊ ၁၇ နှစ်ကျော်အရွယ် မောင်ပီးယိုတို့အပြင် အသက် ၁၇ နှစ်ကျော်အရွယ် လူငယ်နှစ်ဦးလည်း ပါဝင်ကြောင်းသိရသည်။

ဖယ်ခုံမြို့တွင် အောက်တိုဘာလ ၂၇ ရက်နေ့ကလည်း ရွှေပြည်အေးရွာမှ ပြည်သူ ၁၉ ဦးအား စစ်ကောင်စီစစ်ကြောင်းက အကြောင်းမဲ့ဖမ်းဆီးထားပြီး ယနေ့ထိပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။

ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ်နှင့်‌ ဒေသခံ ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်သား သေဆုံးသူနှင့် ဒဏ်ရာရရှိသူများရှိကြောင်းသိရသည်။

ပုံ/ အကြောင်းမဲ့ ဖမ်းဆီးခံခဲ့ရသော ပြည်သူများကိုတွေ့ရစဉ်။

===============

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

သင့်ထင်မြင်ချက်ရေးပေးပါ