တိုက်ပွဲပြင်းထန်နေသည့် စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်တွင် ယနေ့ မွန်းလွဲအချိန်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကောလင်းပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ရဟတ်ယာဉ်များဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အနောက်ခြမ်း ရှမ်းကလုံးရွာနှင့် အောက်ကလုံးရွာအနီးတွင် ကောလင်းပြည့်သူ့ကာကွယ်ရေးတပ်နှင့် သုံးနာရီကြာ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Kawlin Revolution အဖွဲ့က The 74 Media ကိုပြောသည်။

“တိုက်ပွဲက သုံးနာရီလောက်ကြာမယ်ဗျ။ လေယာဉ်မလာခင်ထိပေါ့။ လေယာဉ်က လေးနာရီ ခွဲဝန်းကျင်မှာ ရောက်လာပြီး လောယာဉ်နဲ့ပစ်ချိန် နာရီဝက်ကျော်ကျော်ကြာပါတယ်” ဟုပြောသည်။

စစ်ကောင်စီတပ်က လေယာဉ်ဖြင့်တိုက်ခတ်မှုကြောင့် တိုက်ပွဲဖြစ်ပွားရာ ရွာအနီးရှိ နေအိမ်များ ပျက်စီးဆုံးရှုံးမှုရှိပြီး ရှမ်းကလုံး၊ အောက်ကလုံး၊ ကြေးအင်း၊ ညောင်ပင်သာ၊ အုတ်တိုက်ကုန်းနှင့် ထိန်အင်းကျေးရွာမှ ပြည်သူအများအပြား တိုက်ပွဲတိမ်းရှောင်နေကြောင်း သူကပြောသည်။

လူအင်အား တစ်ရာဝန်းကျင်ရှိသည့် စစ်ကောင်စီစစ်ကြောင်းသည် နိုဝင်ဘာ ၅ ရက်နေ့မှစ၍ ကောလင်းအနောက်ခြမ်း၌ ထိုးစစ်ဆင်နေသောကြောင့် ယနေ့ ကောလင်းပြည့်သူ့ကာကွယ်ရေးတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Photo : CJ

===============

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ