ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေသောကြောင့် စစ်ရှောင်ပြည်သူများ စပါးရိတ်သိမ်းနိုင်ရန် အခက်အခဲများဖြစ်နေကြောင်းသိရသည်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာသည့်အတွက် နေရပ်တွင် စိုက်ပျိုးထားသော စပါးများကို သွားရောက် ရိတ်သိမ်းနိုင်ရန်အတွက် အခက်အခဲများရှိနေသည်ဟု လုံခြုံရေးကြောင့် အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“ကျွန်တော်တို့ဆီမှာ စစ်ကြောင်းထိုးလာတာတွေရှိတော့ စပါးရိတ်သိမ်းဖို့အတွက် ပြန်ချင်ပေမယ့် မလုံခြုံလို့ မပြန်ရဲကြဘူး။ တချို့ တောင်ယာသွားနေတုန်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိလို့ ထိခိုက်သေဆုံးသူတွေလည်းရှိတယ်” ဟု ပြောသည်။

၎င်းတို့စိုက်ပျိုးထားသော စပါးများသည် တစ်နှစ်ပတ်လုံးစားသောက်ရန် စိုက်ပျိုးထားခြင်းဖြစ်သည့်အတွက် ရိတ်သိမ်းနိုင်ခဲ့ခြင်းမရှိပါက လာမည့်နှစ်တွင် စားသောက်ရန်အတွက် အခက်အခဲဖြစ်လာမည်ကို စိုးရိမ်ကြောင်းသူကပြောသည်။

စစ်ကောင်စီစစ်ကြောင်း၏ ရမ်းသမ်းပစ်ခတ်မှုများ၊ လက်နက်ကြီး၊ မြေမြှပ်မိုင်းနှင့် ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် ကောက်ရိတ်သိမ်းရန်အတွက် အခက်အခဲဖြစ်နေကြောင်း အခြားဒေသခံများကပြောသည်။

ဒေသခံပြည်သူအချို့ ရိတ်သိမ်းထားသည့်စပါးများကိုလည်း စစ်ကောင်စီတပ် စစ်ကြောင်းမှ မီးရှို့ဖျက်ဆီးခြင်းများလည်း ပြုလုပ်နေကြောင်း KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံတစ်ဦးက The 74 Media ကိုပြောသည်။

“ရိတ်သိမ်းထားတဲ့ စပါးတွေကိုရော စကစ(စစ်ကောင်စီ)တွေက မီးရှို့ ဖျက်ဆီးထားခဲ့ကြတာ။ မရိတ်သိမ်းရသေးတာတွေလည်း အများကြီးကျန်သေးတယ်။ ဒီကာလမှာ တခြားစီးပွား ဖြစ်ထွန်းတာလည်းမရှိဘူး။ ငွေတွေလည်း မရှိကြဘူးဆိုတော့ စားဝတ်နေရေးဖူလုံမှုအပိုင်းမှာ အများကြီး ထိခိုက်နေတယ်”ဟု ပြောသည်။

စစ်ရှောင်ပြည်သူများ စိုက်ပျိုးထားသော စပါးများကို ရိတ်သိမ်းနိုင်ရန်အတွက် KNDF အနေဖြင့် အတတ်နိုင်ဆုံးပါဝင်ကူညီပေးကြရန် ညွှန်ကြားထားကြောင်း သူကဆက်ပြောသည်။

ဖယ်ခုံမြို့၊ သစ်ယာကုန်းရပ်ကွက်အနီးရှိ တောင်ယာခင်းတွင် အောက်တိုဘာလ ၂၉ ရက်နေ့က စပါးရိတ်သိမ်းနေစဉ် စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် လက်နက်ကြီးစထိမှန်၍ ပြည်သူနှစ်ဦးသေဆုံးကာ ငါးဦးထက်မနည်းဒဏ်ရာရရှိခဲ့သည်။

ယခုရက်ပိုင်းအတွင်း ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးထက်မနည်း သေဆုံးကာ ထိခိုက်ဒဏ်ရာရသူများပြားခဲ့ပြီး‌ ဒေသခံ PDF တပ်ဖွဲ့ဝင်များလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပုံ / ဖယ်ခုံမြို့နယ်အတွင်းက ကောက်ရိတ်သိမ်းနိုင်ခြင်းမရှိသေးသည့် တောင်ယာစပါးခင်းနှင့် စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်စီးလိုက်သော စပါးများကို မြင်တွေ့ရစဉ်။(Photo – CJ)

===============

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ