စစ်ကောင်စီတပ်သားတစ်ဦးက ကွတ်ခိုင်မြို့နယ်တွင်နေထိုင်သည့် အသက် ၆၂ နှစ် အရွယ် အမျိုးသမီးတစ်ဦးကို ယမန်နေ့ နိုဝင်ဘာလ ၇ ရက်နေ့တွင် အဓမ္မပြုကျင့်နေမှုအား သက်သေနှင့်တကွ တွေ့ရှိခဲ့သော်လည်း ကျူးလွန်သူက ဝန်ခံခြင်းမရှိဘဲ ငြင်းဆိုနေကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဖတ်လွန်းကျေးရွာအုပ်စု၊ ဖာခစ်ရွာတွင်ဖြစ်ပွားခဲ့သည့် အဓမ္မပြုကျင့်မှုတွင် စစ်ကောင်စီတပ်သားကျူးလွန်သည်ကို သက်သေနှင့်တကွဖမ်းမိခြင်းဖြစ်သည်ဟု လုံခြုံရေးကြောင့် အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“ဖြစ်စဉ်ကို တွေ့တဲ့သူလည်း ပိုများတယ်။ သက်သေခံပစ္စည်းတွေလည်းရထားတယ်။ ငြင်းလို့မရဘူးပေါ့။ အဘွားအော်တာကို မအော်ဖို့ သူ့ပါးစပ်ကို ပိတ်စနဲ့ ပိတ်ပေးလိုက်တာတွေရှိတယ်။ မျက်နှာမှာ ရုန်းတဲ့အချိန် ဒဏ်ရာတွေဖြစ်ခဲ့တာတွေတော့ ရှိတယ်”ဟု ပြောသည်။

သို့သော် အဓမ္မပြုကျင့်မှုကျူးလွန်သည့် စစ်ကောင်စီတပ်သားကို စစ်ကြောင်းမှူးက စစ်ဆေးမေးမြန်းချိန်တွင် ဝန်ခံခြင်းမရှိဘဲငြင်းဆိုခဲ့သည်ဟု သူကဆက်ပြောသည်။

“အော်တဲ့အသံကြားလို့ ဘေးနားက လူတွေ ဝင်လာတော့ အဲ့စစ်သားက ‘ငါ ဘာမှ မလုပ်ဘူး’လို့ပြောတယ်။ ဒါပေမယ့် အဘွားမှာ အဝတ်ဗလာဖြစ်နေပြီ။ မနေ့ညက စစ်ကြောင်းမှူးပြောတာတော့ စစ်ပေမယ့် အဲ့စစ်သားက ဝန်မခံဘူးလို့ပြောတယ်” ဟု ပြောသည်။

ပြစ်မှုကျူးလွန်သည့် စစ်ကောင်စီတပ်သားသည် ဖယ်ခုံတပ်ရင်း ၃၃၆ မှ တပ်သားမင်းမင်းစိုး ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသော်လည်း The 74 Media က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

လက်ရှိအချိန်တွင် အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီးသည် သူမနှင့်အတူနေထိုင်သည့် အမျိုးသမီးတို့ကို လုံခြုံသည့်နေရာတွင် ထားရှိကာ ဆေးကုသပေးနေကြောင်း သိရသည်။

လူဦးရေ စုစုပေါင်း ၈၉၉ ဦး နေထိုင်သည့် ဖာခစ်ကျေးရွာတွင် စစ်ကောင်စီတပ်သားက ယခုကဲ့သို့ အဓမ္မပြုကျင့်သည့် ဖြစ်စဉ်သည် ပထမဦးဆုံးအကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြစ်မှုကျူးလွန်သူကို ထိရောက်စွာ အရေးယူရန် ဒေသခံများက တောင်းဆိုသွားမည်ဟု သိရသည်။

ဓါတ်ပုံ – မိုင်းဘဉာဏ်(ကွတ်ခိုင်)

===============

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ