ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဧရာဝတီမြစ်ကမ်းဘေးရှိ ကျောက်ကြီးကျေးရွာအတွင်း တပ်စွဲနေသည့် စစ်ကောင်စီတပ်ကို ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်ဖွဲ့က ယနေ့ မွန်းလွဲ လေးနာရီဝန်းကျင်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကေအိုင်အေက ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်သွားခဲ့ကြောင်း လုံခြုံရေးကြောင့် အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“စာသင်ကျောင်းနောက်ဘက် ရွာနောက်ကနေ KIA ဘက်ကအရင်လာပစ်တာ။ အဲ့ပြီးမှ စကစ(စစ်ကောင်စီ) ဘက်ကပစ်တာ။ လက်နက်ငယ်နဲ့ မပစ်ကြဘူး။ လက်နက်ကြီးတွေနဲ့ပဲ အပြန်အလှန်ထုကြတာ” ဟုပြောသည်။

စစ်ကောင်စီတပ်နှင့် ကေအိုင်အေ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောက်ကြီးကျေးရွာတွင် မပေါက်ကွဲသေးသည့် လက်နက်ကြီးများရှိနေပြီး ဒေသခံပြည်သူအချို့ နေအိမ်မှ ထွက်ပြေးတိမ်းရှောင်နေရကြောင်း အခြားဒေသခံတစ်ဦးက ပြောသည်။

“ရွာထဲကို ဗုံးသုံးလုံးကျတာ။ အခုထိ အဲ့ဗုံးတွေ မပေါက်သေးဘူး။ တချို့ကအိမ်မှာ တချို့က တောထဲပြေးတယ်။ တချို့က ဘုန်းကြီးကျောင်းမှာနေကြတယ်” ဟုပြောသည်။

ကေအိုင်အေနှင့် လက်နက်ကြီး အပြန်အလှန်ပစ်ခတ်ပြီးနောက် စစ်ကောင်စီတပ်သည် ယနေ့ည ၇ နာရီခွဲအချိန်ခန့်က လက်နက်ကြီးနှင့်သေနတ်များ ဆက်လက်ပစ်ခတ်နေကြောင်း သူကပြောသည်။

ကျောက်ကြီးကျေးရွာရှိ ဇာတ်ရုံနှင့် ဓမ္မာရုံတွင် စစ်ကောင်စီတပ် တပ်မ ၈၈ ကတပ်စွဲထားသည့်အပြင် ရွာထိပ်ပိုင်းတွင်လည်း တပ်မ ၇၇ မှတပ်စွဲထားကြောင်း ဒေသခံများကပြောသည်။

ရွှေကူမြို့နယ်၊ ရွှေငြိမ်းချမ်းကျေးရွာတွင်လည်း အောက်တိုဘာ ၁၄ ရက်နေ့က စစ်ကောင်စီတပ်နှင့် ကေအိုင်အေအဖွဲ့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ပုံ / ၂၀၁၆ခုနစ်က ရှေ့တန်းတစ်နေရာတွင် တွေ့ရသော KIA တပ်ဖွဲ့ဝင်နှစ်ဦး။

===============

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ