ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့ရှိ သစ်ယာကုန်းရပ်ကွက်အနီးတွင် ယနေ့နံနက် ၁၀ နာရီခွဲအချိန်က စစ်ကောင်စီတပ်၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် တောင်ယာသွားနေစဉ် ကျည်ထိမှန်ခဲ့သူ အမျိုးသမီးတစ်ဦးသေဆုံးသွားပြီး ဒဏ်ရာရတဲ့အမျိုးသားမှာ မစိုးရိမ်ရကြောင်း အမည်မဖော်လိုသူတစ်ဦးက The 74 Media ကိုပြောသည်။

“နှစ်ဦးထိခိုက်တယ်ဗျ။ အမျိုးသားတစ်ဦးနဲ့အမျိုးသမီးတစ်ဦး။ အမျိုးသမီးတစ်ဦးက ဆုံးသွားပါပြီဗျ။ သူတို့က တောင်ယာသွားနေရင်းတန်းလန်း လက်နက်ကြီးထိမှန်သွားတာဗျ။ စစ်ခွေးတွေဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးဗျ။ ဝမ်းဗိုက်တစ်ကြောလုံးနဲ့ ကျောဘက်မှာပေါက်ပြဲသွားတယ်ဗျ။ နောက်တစ်ဦးကတော့ သိပ်တော့ မစိုးရိမ်ရဘူးဗျ”ဟု ပြောသည်။

သေဆုံးသွားသူမှာ မိုးဗြဲမြို့ စည်ကား ၂ ရပ်ကွက်တွင်နေထိုင်သော အသက် ၃၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ဒဏ်ရာရရှိသွားသူမှာ ပေါ်ဦး ၂ ရပ်ကွက်တွင် နေထိုင်သော အသက် ၅၀ အရွယ် အမျိုးသားဖြစ်သည်ဟု သိရသည်။

မိုးဗြဲမြို့တွင် အောက်တိုဘာလ ၂၄ ရက်နေ့က စစ်ကောင်စီယာဉ်တန်းအား မိုးဗြဲ PDF နှင့် KNDF တို့မှ ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀)ဦးထက်မနည်းသေဆုံး၍ ထိခိုက်ဒဏ်ရာရသူများလည်းရှိခဲ့ကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်မှ ထုတ်ပြန်ထားသည်။

Photo : CJ

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ