ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့ ရွှေပြည်အေးရွာမှ ပြည်သူ ၁၉ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ အောက်တိုဘာ ၂၇ နေ့ မွန်းလွှဲ ၃ နာရီခန့်တွင် လာရောက်ဖမ်းဆီးသွားကြောင်းသိရသည်။

တစ်ရွာလုံး စစ်ဘေးတိမ်းရှောင်နေရသောကြောင့် အိမ်စောင့်အဖြစ်ကျန်ခဲ့သည့် အမျိုးသား ၁၉ ဦးကို ဖမ်းဆီးထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များအတွက် ထမင်းချက်ခိုင်းသည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“ရွာမှာကျန်ခဲ့တဲ့ သားရဲတိရစ္ဆာန်တွေနဲ့ အိမ်တွေစောင့်ပြီး ကျန်ခဲ့တဲ့သူတွေပေါ့။ ရွာထဲမှာ ဖမ်းထားပြီး ထမင်းချက်ခိုင်းတယ်။ ဖုန်းတွေလည်း သိမ်းထားတယ်တဲ့။ ဖုန်းလည်း စက်ပိတ်ထားတယ် ခေါ်လို့မရဘူး။” ဟုသူကပြောသည်။

ဖမ်းဆီးခံထားရသည့် ပြည်သူ ၁၉ ဦးကို အမြန်ဆုံး ပြန်လည်လွတ်မြောက်လာရန် မျှော်လင့်ကြောင်း သူကဆက်ပြောသည်။

ဖယ်ခုံမြို့တွင် တစ်လအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီး၊ လက်နက်ငယ် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ကျဆုံး၊ ခြောက်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ်များလည်း ပျက်စီးခဲ့သည်။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ