ကိုဗစ်၁၉ ပိုးတွေ့ အတည်ပြုလူနာ ၆၃ ဦးထိရှိလာသည့် နောင်မွန်မြို့ကို အသွားအလာကန့်သတ်ထားသောကြောင့် စပါးရိတ်သိမ်းရန် အခက်အခဲဖြစ်နေကြောင်း သိရသည်။

စပါးများမှည့်နေသော်လည်း အသွားအလာကန့်သတ်ထားသောကြောင့် စပါးရိတ်သိမ်းရန် အခက်အခဲဖြစ်နေသည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“ဟိုဘက် ဒီဘက် လော့ဒေါင်းချတယ် ဒီမှာက တောင်ယာသွားတဲ့ လူတွေအတွက်ဆိုရင် ရာသီနဲ့ အလိုက် လုပ်ရတဲ့အခါကျတော့ အဆင်မပြေဘူးပေါ့။ လယ်စပါးတွေက မှည့်ပြီဆိုတော့ အချိန်မှီ ရိတ်ရတာကိုး။ အခုက အချိန်မရွေး မိုးရွာနိုင်တယ် ကိုယ်က အချိန်မှီ မရိတ်နိုင်ဘူးဆိုရင် စပါးပင်တွေက နိမ့်ပြီးမှ လဲသွားတာ အထွက်နှုန်းလျော့တာထက် ဆုံးရှုံးမှုများတယ်” ဟုသူကပြောသည်။

အသွားအလာကန့်သတ်ထားလျက်ရှိသောကြောင့် နောင်မွန်မြို့အပြင်ထွက်ရန် တစ်အိမ်လျှင် တစ်ဦးသာ ထွက်ခွင့်ပြုထားကြောင်း သိရသည်။

နောင်မွန်မြို့တွင် ကိုးဗစ်၁၉ ပိုးတွေ့လူနာများလာခြင်းသည် ပြည်သူ့စစ်မှ ပေးသည့် စစ်သင်တန်းနှင့် စစ်ကောင်စီ လက်အောက်ခံ စီမံအုပ်ချူပ်ရေးဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲများ ပြုလုပ်ခဲ့သောကြောင့် ဖြစ်သည်ဟု သူကဆက်ပြောသည်။

“ပိုးတွေ့သူတွေမှာ ပြည်သူ့စစ်သင်တန်းက လူကြီးတွေ၊ ဘောလုံးပွဲ ကစားတဲ့သူတွေများတယ်။ ကျန်တဲ့သူ လူစုလူဝေးလုပ်ရင် သဘာဝဘေးအန္တရာယ် ဥပဒေတို့ ဘာတို့ လျောက်တပ်ပြီးတော့ တရားစွဲတယ်။ သူတို့ကျတော့ တရားစွဲလို့မရဘူးလားဆိုတာ စဉ်းစားစရာဖြစ်လာတယ်။” ဟုသူကပြောသည်။

ပိုးတွေ့လူနာများလာသည့် အကျိုးဆက်အနေဖြင့် ပြည်သူများတွင် ထိခိုက်နစ်နာမှုများစွာရှိသောကြောင့် ဆင်ဆင်ခြင်ခြင်ပြုလုပ်သင့်ကြောင်းသူကဆက်ပြောသည်။

နောင်မွန်မြို့နယ်တွင် ပိုးတွေ့လူနာများအတွက် ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီများ လိုအပ်နေကြောင်း အခြားဒေသခံတစ်ဦးက ဆက်ပြောသည်။

“အပြင်က အဖွဲ့အစည်းတွေလည်း ဒီမှာ သိပ်လှုပ်ရှားခွင့်မပေးဘူး။ တစ်ခုက ထောက်ပံ့ကြေး အလှူပစ္စည်းတွေ လှူရင်တောင်မှ စစ်လား ဆေးလား ဘာညာ ခက်အောင်လုပ်တယ်။ ကျန်းမာရေး ကဏ္ဍကလည်း ဆေးဝါးတွေလည်း မလုံမလောက် ဆရာဝန်တွေ မရှိတာနဲ့ ဆရာဝန် မလုံလောက်တော့ အခက်အခဲတော့ တော်တော်လေး ရှိနေတယ်။” ဟုသူကပြောသည်။

အောက်တိုဘာလ ၁၆ ရက်နေ့မှစ၍ ပိုးတွေ့လူနာများတွင် ရပ်ကျေးအုပ်ချုပ်ရေးမှုးများအပါအဝင် ပိုးတွေ့ရှိသူများပြားလာသောကြောင့် နောင်မွန်မြို့ကို အသွားအလာကန့်သတ်ခဲ့သည်။

နောင်မွန်မြိုကသည် ပူတာအိုခရိုင်အတွင်းရှိ မြို့နယ်တစ်ခုဖြစ်ပြီး လူဦးရေ စုစုပေါင်း ၇၇၂၂ ဦး ခန့်ရှိကာ မြို့နေလူထုအများစုသည် တောင်ယာနှင့် အခြားစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်စားသောက်ကြသည်။

===============

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ