စစ်အင်အားထပ်မံဖြည့်တင်းရန် ထွက်ခွာလာသည့် စစ်ကောင်စီယာဉ်တန်း အောက်တိုဘာ ၁၉ ရက်နေ့ ည ၉ နာရီခန့်က တနယ်ကျေးရွာနှင့် တန့်ဆည်ကြားတွင် ဒေသခံ PDF များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မိုင်းခွဲတိုက်ခိုက်ခံရချိန် စစ်ကောင်စီ၏ ကား နှစ်စီး မီးလောင်ပျက်စီးသွားသည်ဟု ဒေသခံ PDF တပ်ဖွဲ့ဝင် တစ်ဦးက The 74 Media ကိုပြောသည်။

“ကားကြီးနှစ်စီးရယ် ကားပေါက်စ သုံးစီးရယ် လာတာဗျ။ ညဆိုတော့ လူအင်အားက အတိအကျမပြောနိုင်ဘူး။ စစ်သားရော ရဲတွေရော ပါလာတာပါ။ ကားပေါက်စ နှစ်စီးကတော့ ရွှေ့မရအောင်ကို ရပ်သွားတယ်ဗျ။ ကားကြီး နှစ်စီးနဲ့ ကားပေါက်စ တစ်စီးကတော့ လွှတ်သွားတယ်။” ဟုသူကပြောသည်။

ရေဦးမြို့နယ်မှ တန့်ဆည်မြို့နယ် ကာပေါင်းကျကျေးရွာသို့ စစ်ကောင်စီတပ်က စစ်အင်အားဖြည့်တင်းရန် လာသောကြောင့် ကြားဖြတ်မိုင်းခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း သူကဆက်ပြောသည်။

မိုင်းခွဲတိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကားကို တန်ဆည်မြို့အဝင် မိုးသောက်ကြယ် ကဖေးရှေ့၌ ရပ်ထားပြီး ခြေလျင်ဖြင့် ရေဦးသို့ နောက်ကြောင်း ပြန်ခေါက်သွားကြောင်း သိရသည်။

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကာပေါင်းကျကျေးရွာတွင် ယမန်နေ့ အောက်တိုဘာ ၁၉ ရက် မွန်းလွှဲ ၃ နာရီခွဲခန့်ကလည်း စစ်ကောင်စီတပ်နှင့် တန့်ဆည်မြို့နယ် PDF တပ်ပေါင်းစုတို့ကြား နှစ်နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဓါတ်ပုံ – စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရသည့်‌နေရာမှပုံ

 

သင့်ထင်မြင်ချက်ရေးပေးပါ