ကေအိုင်အေ၊ PDF ပူးပေါင်းတပ်ဖွဲ့များက အင်းတော်မြို့နယ် ဂဟဲကျေးရွာတွင် စစ်ကောင်စီတပ်ကို ယနေ့ နံနက် ၁၀ နာရီခန့်က ဝိုင်းဝန်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးသူများသည်ဟု သိရသည်။

ထီးချိုင့်မြို့နယ် အောင်ချမ်းသာရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးထက်မနည်းသေဆုံးခဲ့သည်ဟု ခန့်မှန်းကြောင်း ဖြစ်စဉ်နှင့် နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“အထိအခိုက်ကတော့ စကစဘက်က အနည်းဆုံး ၃၀ နီးပါးလို့ခန့်မှန်းသိရပါတယ်။ အတိအကျတော့ မသိရဘူးပေါ့။” ဟု သူကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ယာဉ်တန်းတွင် စစ်ကားမပါဝင်ဘဲ ဆယ်ဘီးကား နှစ်စီး၊ တုန်ဖုန်းကားတစ်စီး၊ အိမ်စီးကား တစ်စီးတို့ပါဝင်သည်ဟု Indaw Revolution Team အဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ချောဆွဲလာတဲ့ကားတွေနဲ့ပါ။ ဆယ်ဘီးတို့ တုံဖုန်းကားတွေနဲ့ပဲလာတာပါ။ 10ဘီးကားနှစ်စီး တုန်ဖုန်းကားတစ်စီး အိမ်စီးကားတစ်စီးပါဗျ” ဟုပြောသည်။

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တွင် စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်တိုက်ပွဲဖြစ်ပွဲခြင်း ဖြစ်သည်ဟု သူကဆက်ပြောသည်။

အင်းတော်မြို့နယ်သည် စစ်ကိုင်းတိုင်း၊ ကသာခရိုင်အတွင်းရှိ မြို့နယ်တစ်ခုဖြစ်ပြီး ကချင်ပြည်နယ်နှင့် ထိစပ်နေသည့် မြို့နယ်တစ်ခုဖြစ်သည်။

photo credit: Twitter/@MyatWutYeeAung1

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ