စစ်ကောင်စီသတင်းပေးတစ်ဦးဟု ယူဆရသူတစ်ဦးကို အမည်မသိလူတစ်စုက ပစ်ခတ်သတ်ဖြတ်မှု ယမန်နေ့ အောက်တိုဘာလ ၁၄ ရက်နေ့ ညနေ ၆ နာရီခွဲခန့်က ဆိပ်မူ (ဆိုင်းတောင်) ကျေးရွာ မှော်ရှန်ရပ်ကွက်တွင် ဖြစ်ပွားခဲ့သည်။

ပစ်သတ်ခံရသည့် မှော်ရှန်ရပ်ကွက် (C) ၏ ရာအိမ်မှူးဟောင်း အသက် (၅၀) နှစ်အရွယ် ဦးမြင့်မောင်သည် ဇနီးဖြစ်သူနှင့်အတူ ဆိုင်ကယ်ဖြင့် သွားနေစဉ် ရှင်းယဉ်ဟိုတယ်အနီး ပစ်သတ်ခံရခြင်း ဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“ရှင်းယဉ်ဟိုတယ်နားမှာ ၃ ချက်လောက်ရှိမယ် ပစ်သွားတာ။ သူ့ဇနီးတော့ ဘာမှမဖြစ်ဘူး သူကတော့ ပစ်ပြီးချင်းသေသွားတယ်” ဟုသူကပြောသည်။

ပစ်သတ်ခံရသူသည် ယခင်က စစ်တပ် သတင်းပေးတစ်ဦးဖြစ်ကြောင်း သူကဆက်ပြောသည်။

ပစ်ခတ်သတ်ဖြတ်ခံရသူသည် စစ်ကောင်စီသတင်းပေးဖြစ်သည်ဆိုသည့်ပြောဆိုချက်နှင့်ပတ်သက်ပြီး The 74 Media က သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းအုပ်စုတွင် ဩဂုတ်လ ၁၉ ရက်နေ့ကလည်း ပတ်ကင်းပတ်နေသည့် ဒုတပ်ကြပ်တစ်ဦး ပစ်ခတ်ခံခဲ့ရသည်။

================
လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ