လိုင်စင်မဲ့ယာဉ်များကို စစ်ဆေးဖမ်းဆီးလေ့ရှိပြီး ယမန်နေ့တွင် ဗုံးကွဲခဲ့သည့် ကချင်ပြည်နယ် ဗန်းမော်မြို့ နန်းသီတာမီးပွိုင့်အနီး ယနေ့ အောက်တိုဘာ ၁၅ ရက် နံနက် ၁၁ နာရီခွဲခန့်က ဗုံးတစ်လုံးထပ်မံပေါက်ကွဲခဲ့ကြောင်း သိရသည်။

ပေါက်ကွဲခဲ့သည်ဗုံးသည် ယမန်နေ့ ထောင်ခဲ့သည့်ဗုံးဖြစ်ပြီး စစ်ကောင်စီများ ကိုယ်တိုင်ခွဲလိုက်ခြင်း ဖြစ်နိုင်ကြောင်း ဗုံးထောင်ခဲ့သည့် Bhamo Commando Force က The 74 Media ကိုပြောသည်။

“မနေ့ကထောင်ခဲ့တဲ့ဗုံး မကွဲဘဲကျန်ခဲ့တာ၊ နှစ်ဆင့်ခွဲဖို့ လုပ်ထားတာ ဒီနေ့စစ်ကောင်စီတွေတွေ့သွားတော့ မိုင်းရှင်းတဲ့အချိန် ထကွဲတာလား စစ်ကောင်စီတွေ ကိုယ်တိုင်ခွဲတာလားဆိုတာ မသိသေးဘူး” ဟုပြောသည်။

ဗန်းမော်မြို့တွင် စက်တင်ဘာ ၂၈ ရက်၌ ထို နန်းသီတာမီးပွိုင့်အနီးတွင် လိုင်စင်မဲ့ယာဉ်များကို ရှောင်တခင်စစ်ဆေးပြီး ဆိုင်ကယ်အစီး ၁၀၀ ထက်မနည်း သိမ်းဆည်းလိုက်ကာ နေ့စဉ် စစ်ကောင်စီတပ်များနှင့် တပ်ဖွဲ့များ လုံခြုံရေးတင်းကြပ်ထားသည့်နေရာဖြစ်သည်။

မိုးမောက်မြို့တွင် စက်တင်ဘာ ၃၀ ရက်နေ့၌ ကြေးနန်းရပ်ကွက် ဘုန်းကြီးကျောင်းအနီးတွင် မိုင်းသုံးလုံး တွေ့ရှိခဲ့ပြီး လွယ်ဂျယ်လမ်းခွဲ မိုးမောက်ကျောက်တိုင်အနီးတွင်လည်း စက်တင်ဘာ ၂၇ ရက်နေ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ သုံးဘီးယာဉ်မောင်းတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆိုင်ကယ်တစ်စီးနှင့် သုံးဘီးတစ်စီး မီးလောင်ပျက်စီးသွားခဲ့သည်။

ဓာတ်ပုံ – အောက်တိုဘာလ ၁၄ ရက်နေ့တွင် ဗုံးကွဲခဲ့သည့် ရုပ်သံမှ ရယူထားသည်

 

သင့်ထင်မြင်ချက်ရေးပေးပါ