ဖားကန့်မြို့နယ် လဝါးကျေးရွာရှိ စစ်ရှောင်စခန်းနှစ်ခုတွင် နေထိုင်ကြသည့် စစ်ရှောင်ပြည်သူ သုံးပုံတစ်ပုံခန့် ကိုဗစ်၁၉ ရောဂါပိုး ကူးစက်ခံထားရကြောင်း သိရသည်။

ကချင်နှစ်ခြင်းခရစ်ယာန် (KBC) နှင့် ကတ်သလစ်ဘုရားကျောင်း (RC) များတွင်နေထိုင်ကြသည့် စစ်ရှောင်ပြည်သူ ၉၇ ဦးတွင် ကိုဗစ်၁၉ ပိုးတွေ့ရှိခဲ့သည်ဟု စစ်ရှောင်စခန်းမှ လူငယ်တာဝန်ခံတစ်ဦးက The 74 Media ကိုပြောသည်။

“RC ဘုရားကျောင်းကတော့ တွေ့တာနည်းတယ် သူတို့က သပ်သပ်စီအခန်းဖွဲ့ပြီးနေတဲ့သူတွေမို့၊ လူစုပြီးနေတဲ့ KBC က ပိုများသွားတာပေါ့။ အသက်ကြီးတဲ့သူတွေပိုများတယ် ၄၀အထက်တွေ။” ဟုသူကပြောသည်။

စစ်ရှောင်ပြည်သူများနှင့် ပိုးတွေ့လူနာများသည် ယနေ့ ကားအတူစီး၍ လဝါးကျေးရွာမှ ခွန်ဆိုင်ယန်ကျေးရွာသို့ ပြန်ပြီးဖြစ်ကြောင်း ခွန်ဆိုင်ယန် ဒေသခံတစ်ဦးက ပြောသည်။

“ဒီနေ့ KBC ဘုရားကျောင်းမှာ စစ်ရှောင်နေတဲ့ ကိုဗစ်ဖြစ်တဲ့သူရော မဖြစ်တဲ့သူရော ကားအတူတူစီးပြီးပြန်တာပေါ့ ကူးစက်တာတွေဖြစ်လာနိုင်ပေမယ့် ဘယ်လိုမှ မတတ်နိုင်တော့ဘူးလေ။ ကိုယ့်အိမ်မှာကိုယ် သတ်မှတ်ထားတဲ့ ရက်အထိ လောခ့်ဒေါင်းလုပ်ပြီးနေဖို့ပေါ့။” ဟုသူကပြောသည်။

လဝါးကျေးရွာရှိ စစ်ရှောင်စခန်းနှစ်ခုမှ ပိုးကူးစက်ခံရသူများတွင် အသက် ၁၈ နှစ်အောက်ကူးစက်ခံရသူ ၂၀ ဦးကျော်၊ ၁၈ နှစ်အထက် အမျိုးသမီး ၄၀ ဦးကျော်နှင့် အမျိုးသား ၂၀ ဦးကျော် ပါဝင်သည်။

ခွန်ဆိုင်ယန်ကျေးရွာသည် စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ကြား မကြာခဏ တိုက်ပွဲဖြစ်ပွားသည့် ဒေသတစ်ခုဖြစ်ပြီး ဒေသခံပြည်သူများကလည် မကြာခဏ ထွက်ပြေး တိမ်းရှောင်နေရသည်။

ပုံ – လဝါး KBC စစ်ရှောင်စခန်းမှ ပိုးတွေ့လူနာများနှင့် အခြားစစ်ရှောင်ပြည်သူများ ယနေ့ အောက်တိုဘာ ၁၅ ရက်နေ့တွင် အတူတကွ နေရပ်ပြန်နေသည့် ပုံရိပ်အချို့

================
လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ