ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့ရှိ စံပြ (၆)မိုင်ကျေးရွာတွင် ယနေ့နံနက် ရှစ်နာရီခန့်၌ ရိက္ခာပြန်လာယူသည့် ပြည်သူနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က အကြမ်းဖက်ပစ်ခတ်ခဲ့သဖြင့် တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြည်သူတစ်ဦးအား သေနတ်ဖြင့်ပစ်ခတ်သံကြားရာမှ KNDF နှင့်ထိပ်တိုက် တွေ့၍ တစ်ဦးအား ကယ်ထုတ်နိုင်ကြောင်း KNDF နှင့် နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“ကျနော်တို့ရဲဘော်တွေက ကင်းလှည့်လာရင်း သေနတ်သံကြားလိုက်ပြီး ရောက်လာတော့ နှစ်ဖက်ထိပ်တိုက် တွေ့လို့ တစ်ယောက်က ကံကောင်းသွားတယ်လို့ပဲ ပြောရမယ်။ အမှန်တော့စကစက နှစ်ယောက်စလုံးကို ဖျောက်မလို့ပဲ။ သေနတ်ပစ်ခံရတဲ့တစ်ယောက်ကတော့ တွေ့တဲ့အချိန်အသက်ရှူသေးပေမယ့် ဆုံးသွားတယ်။ သူတို့နှစ်ယောက်က ရွာထဲကို ရိက္ခာပြန်လာသယ်တာ” ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြည်သူတို့၏ အိုးအိမ်များကို လိုက်လံဖျက်ဆီးပြီး ဖောက်ထွင်းဝင်ရောက် ရာမှ ပြည်သူနှစ်ဦးကိုတွေ့ရှိရာမှ ရိုက်နှက်နှိပ်စက်ကာ သေနတ်ဖြင့်ပစ်သတ်လိုက်ခြင်း ဖြစ်သည်ဟု သူကဆက်ပြောသည်။

သေဆုံးသူဦးကျော်ဟိန်းနှင့် ဒဏ်ရာရသူ ဦးဒေါမိနစ်မှာ ညီအစ်ကိုများဖြစ်ကြောင်းလည်း သိရသည်။

ဒီးမော့ဆိုမြို့နယ်တွင် ယမန်နေ့အောက်တိုဘာ ၈ ရက်နေ့၌ စစ်ကောင်စီတပ်ဖွဲ့၏ အသုံးဆောင်ပစ္စည်း အချို့ကို KNDF မှ သိမ်းဆည်းရမိခဲ့သည်။

 

သင့်ထင်မြင်ချက်ရေးပေးပါ