စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ သာယာကုန်းကျေးရွာတွင် ယနေ့နံနက် ၁၁ နာရီခွဲခန့်က စစ်ကောင်စီတပ်ဖွဲ့များသည် ပြည်သူများ၏နေအိမ်အချို့အား မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာသားသုံးဦးကိုလည်း ဖမ်းဆီးသွားကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အင်အားအလုံးအရင်းဖြင့် ရောက်ရှိလာပြီး ပြည်သူများ၏ နေအိမ်များကို မီးရှို့သွားခဲ့ကြောင်း ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“အရိုးရှင်းဆုံး ပြောရရင် စစ်မနိုင်ရွာမီးရှို့တဲ့သဘောပဲ။ ယာဉ်စီးရေ ၄၀ ကျော်နဲ့ ဂန့်ဂေါကနေ ကလေးမြို့ဘက်ကိုသွားတာပါ။ သိရသလောက် ရွာသား ၃ ဦးအဖမ်းခံရတယ်။ အိမ်၄လုံးမီးရှို့ထားခဲ့တယ်ဗျ။ ပြီးတော့ ဆိုင်ကယ်၂စီး ပါသွားတယ်။ မိုင်းခွဲမယ့်ကောင်တွေ ထွက်ခဲ့ ငါတို့လာပြီ ဆိုပြီး အော်သွားတယ်” ဟု ပြောသည်။

ထိုကဲ့သို့ ကလေးမြို့နယ်အတွင်းသို့ သံချပ်ကာကားနှစ်စီးနှင့် စစ်ကား ၄၀ စီးခန့် စစ်အင်အားဖြည့်တင်းလာခြင်းသည် ပြည်သူကိုအထိတ်တလန့်ဖြစ်စေရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု သူကဆက်ပြောသည်။

ကလေးမြို့နယ်ရှိ သာယာကုန်းရွာအနီးတွင် အောက်တိုဘာ ၇ ရက်နေ့က စစ်ကောင်စီယာဉ်တန်းမိုင်းဆွဲခံရပြီး ထိခိုက်သေဆုံးမှုများရှိသောကြောင့် စစ်အင်အားပြန်လည်ဖြည့်တင်းခြင်းဖြစ်ကြောင်းသိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ