စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့ သစ်ရာမြိုင်ရပ်ကွက်မှ စားသောက်တစ်ဆိုင်ရှိ ရေသန့်စက်ခန်းကို ယမန်နေ့ည ၁၂ နာရီခန့်က အရပ်ဝတ်နှင့် အမည်မသိအမျိုးသားနှစ်ဦး မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု သိရသည်။

သစ်ရာမြိုင်ရပ်ကွက်ရှိ ထာဝရ ရေကူးကန်နှင့် အပန်းဖြေရိပ်မြုံကို တူမီးအရှည်တစ်လက်၊ အတိုတစ်လက်ကိုင်ဆောင်ထားသည့် အမျိုးသားနှစ်ဦး ရောက်ရှိလာပြီး ရေသန့်စက်ခန်းကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဖြစ်စဉ်နှင့် နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“တံခါးအတင်းဖွင့်ခိုင်းပြီး ဖုန်းအရင်သိမ်းတယ်။ နာမည်တော့ မသိဘူး လူတွေ့ရင်တော့ မှတ်မိတယ်။ သူတို့က မင်းတို့ဆိုင်ရှင်သေနတ်ရောင်းနေတယ်ဆို ဘယ်မှာထားလဲ ဘယ်ကနေ ဘယ်ကိုကူးနေတာလဲ မေးပြီး မသိဘူးပြောတော့ ခေါင်းကို တူမီးနဲ့ရိုက်ပြီး ကျောကိုလည်း တူမီးနဲ့ထိုးတယ်။ ရေသန့်စက်ခန်းကို မီးလောင်တိုက်သွင်းမယ်ဆိုပြီး ဓာတ်ဆီလောင်းပြီး မီးရှို့တယ်” ဟု သူကပြောသည်။

အစောင့်လင်မယားနှစ်ဦးကို ရိုက်နှက်ခဲ့ပြီး သေနတ်ပစ်ဖောက်ထွက်ပြေးသွားသည့် ပြစ်မှုကျုးလွန်သူနှစ်ဦးသည် ယခင်က စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ ဆိုင်ဖွင့်၊ မဖွင့်စစ်ဆေးစဉ် လိုက်ပါခဲ့ဖူးကြောင်း သူက ဆက်ပြောသည်။

ထိုစားသောက်ဆိုင်ကို ပိတ်ထားသည်မှာ တစ်လကျော်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ် ပိတောက်မြိုင်ရပ်ကွက်ရှိလက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် အောက်တိုဘာ ၁ ရက်နေ့ကလည်းပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဗိုလ်မှူးတစ်ဦးနှင့် ဒေသခံပြည်သူ ၃ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ စုစုပေါင်း ၆ ဦးရှိခဲ့သည်။

 

သင့်ထင်မြင်ချက်ရေးပေးပါ