ရှမ်းပြည်နယ်၊ မုံကိုးဒေသရှိ ကိုးကန့်ဒေသနေရာအချို့တွင် စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ကြား အောက်တိုဘာလဆန်းပိုင်းမှစပြီး တိုက်ပွဲများ နေ့စဉ်နီးပါးဖြစ်ပွားခဲ့ကြောင်း ကိုးကန့်ဒေသအခြေစိုက် သတင်းမီဒီယာများထံမှ သိရသည်။

ကိုဗစ်ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းများ အရှိန်မြှင့်တင်ဆောင်ရွက်နေစဉ် MNDAA တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ကြား အပစ်အခတ် ရပ်စဲရေးပြုလုပ်ရန် အောက်တိုဘာလ ၇ ရက်နေ့တွင် ပြောကြားခဲ့သော်လည်း အဆိုပါနေ့တွင်ပင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထိုးစစ်ဆင်မှုပြုလုပ်ခဲ့သောကြောင့် တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မုန်းဟုန်မှ ရှင်းကိုင်ဒေသ အကြားတွင် အောက်တိုဘာလ ၇ ရက်နေ့ ညနေ ၂ နာရီခန့်တွင် စစ်ကောင်စီတပ်ရင်း (၅၁၇)မှ စစ်သား ၄၀ ခန့်နှင့် MNDAAတပ်မဟာ (၅၁၁)တပ်ဖွဲ့ခွဲတို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား လေးဦး ဒဏ်ရာရရှိခဲ့သည်။

ထိုနေ့ ညနေ ၆ နာရီဝန်းကျင်က ပန်ဆိုင်းနှင့်မုံကိုး ဒေသကြားရှိ နမ့်ဟူးသံ စက်ရုံတွင် တစ်နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထို့အပြင် အောက်တိုဘာလ ၉ ရက်နေ့၊ နံနက် ၈ နာရီခွဲခန့်တွင်လည်း မုံကိုးဒေသမှ ပန်ဆေးသို့ စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် MNDAAတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ မုံကိုးဒေသသို့ ဆုတ်ခွာခဲ့သည်။

လားရှိုးနှင့် သိန်းနီဒေသကြားရှိ ၁၄ မိုင်တွင်လည်း MNDAAတပ်ဖွဲ့ဝင် တပ်မဟာ (၂၁၁)များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ကားတစ်စီး ပျက်စီးခဲ့ကြောင်း သိရသည်။

တိုက်ပွဲများဖြစ်ပွားနေစဉ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပန်ဆေးဒေသလက်ဝါးကပ်တိုင်တောင်ရှိ MNDAAတပ်ဖွဲ့ဝင်များ၏ ကာကင်းစခန်းများသို့ လက်နက်ကြီးများဖြင့် တစ်နေ့လုံး ပစ်ခတ်မှုများရှိခဲ့သည်။

ရှမ်ပြည်နယ် မုံကိုးဒေသနှင့်ပန်ဆိုင်း(ကြူကုတ်)ဒေသများတွင် တိုက်ပွဲများဖြစ်ပွားနေသောကြောင့် ဒေသခံပြည်သူများ စစ်ဘေးတိမ်းရှောင်နေရဆဲဖြစ်ပြီး ကိုဗစ်ကူးစက်ခံရသည့် စစ်ရှောင်ပြည်သူများလည်းရှိသည်။

Photo – The kokang

 

သင့်ထင်မြင်ချက်ရေးပေးပါ