မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ မြစ်ငယ်-စစ်ကိုင်းကားလမ်းပေါ်ရှိ Denko ဆီဆိုင်အနီးတွင် အောက်တိုဘာလ ၅ ရက်နေ့က ဖမ်းဆီးရမိခဲ့သည့် လက်နက်များသည် ကေအိုင်အေနှင့် မသက်ဆိုင်ကြောင်း ယင်းအဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောကြားလိုက်သည်။

ဖမ်းဆီးရမိသော လက်နက်ခဲယမ်းများသည် မိမိတို့နှင့် သက်ဆိုင်ခြင်းမရှိကြောင်း ကေအိုင်အို၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက The 74 Media ကိုပြောသည်။

“အဲ့လက်နက်တွေက KIA ဟာမဟုတ်ဘူး။ KIA အနေနဲ့ ဘယ်အဖွဲ့အစည်းကိုမှလည်း လက်နက်ကူညီတာမရှိဘူး။ အဲ့တာကြောင့် KIA နဲ့ သက်ဆိုင်တဲ့ လက်နက်တွေမဟုတ်ဘူးလို့ ငြင်းဆိုပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံအတွင်း အဖွဲ့အစည်းများစွာ စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေသည့်ကာလဖြစ်သဖြင့် လက်နက်ရရှိနိုင်သည့် လမ်းကြောင်းအများအပြားရှိနိုင်သဖြင့် ကေအိုင်အေအနေဖြင့် ကူညီသည်ဆိုသည့် စွပ်စွဲချက်မှာ လုံးဝ မဖြစ်နိုင်ကြောင်း သူက ဆက်ပြောသည်။

“အခုကမြန်မာနိုင်ငံထဲက နေရာတိုင်းမှာ လက်နက်ကိုင်ပြီးတော်လှန်နေကြတာဖြစ်တဲ့အတွက် လက်နက်တွေကတော့ ဘယ်အခြေအနေ ဘယ်နေရာကဖြစ်ဖြစ် ရနိုင်တာ ရောက်လာနိုင်တာ ဖြစ်တဲ့အတွက် KIA အနေနဲ့ ကူညီတယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ငြင်းဆိုပါတယ်” ဟု ဆိုသည်။

ဖမ်းဆီးရမိသည့် လက်နက်များတွင် တရုတ်ထုတ် Type 81 ချေမှူန်းရေးရိုက်ဖယ် အလက် ၂၀၀၊ Type 81 အပေါ့စားစက်သေနတ် အလက် ၂၀၊ ကျည်အိမ် ၉၅၄ ခု၊ 7.62x39mm အမျိုးအစား ချေမှူန်းရေးရိုင်ဖယ်ကျည် ၃၂၆၄၀ တောင့်နှင့် ၁၀၀ မမ တာဝေးပစ်ခွင်းဗုံး ၈၉ လုံးတို့ဖြစ်ကြသည်ဟု ခေတ်သစ်သတင်းဌာနက ဖော်ပြထားသည်။

သိမ်းဆည်းရမိသည်ဟုဆိုသည် ခွင်းဗုံးများတွင် တရုတ်စာဖြင့် ရေးသားထားသည်ကို မြင်တွေ့ရသည်။

ကချင်လွတ်မြောက်ရေးတပ် (KIO/KIA) နှင့် စစ်ကောင်စီတပ်ဖွဲ့များသည် တနိုင်းမြို့နယ်နှင့် ဖားကန့်မြို့နယ်များတွင် တိုက်ပွဲများ မကြာခဏဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီဘက်က စစ်အင်အားများတိုးချဲ့လျက်ရှိသည်။

 

သင့်ထင်မြင်ချက်ရေးပေးပါ