စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် နဘက်ကြီးကျေးရွာနှင့် သစ္စေးကုန်းကျေးရွာကြားတွင် ယနေ့ နံနက် ၁၁ နာရီဝန်းကျင်က ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့များအား တန့်ဆည် PDF တပ်ဖွဲ့ဝင်များက မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်မှ လူအင်အားလေးဆယ်ကျော်ခန့်ဖြင့် ကင်းလှည့်နေချိန် သစ္စေးကုန်းကျေးရွာရှိ မိုင်တဲတာဝါတိုင်အနီးတွင် မိုင်းဆွဲခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“စစ်သားရော၊ ရဲရောပါတယ်။ ဆိုင်ကယ်တွေနဲ့ ကင်းလှည့်နေကြတာနေမှာ။ လူအင်အား ၄၇ ယောက်လောက်ရှိတယ်။ နဘက်ကြီးကျော် သစ္စေးကုန်း မိုင်တဲတာဝါတိုင်နားလေးမှာ ခွဲခံရတာ” ဟုပြောသည်။
မိုင်းခွဲတိုက်ခိုက်ခံရသောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးကြောင်း ပြောဆိုနေကြသော်လည်း The 74 Media မှ အတည်မပြုနိုင်သေးပါ။
တန့်ဆည်မြို့နယ်၊ နဘတ်ကြီးကျေးရွာအုပ်စု၊ နဘတ်ကြီးမယ်တော်နန်းအနီးတွင် အောက်တိုဘာ ၈ ရက်နေ့ကလည်း စစ်ကောင်စီယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရသည်။