ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်ရှိ ထားလဲကျေးရွာတွင် ယမန်နေ့နံနက် ၁၀ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့နှင့် Karenni G.Z တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးခဲ့‌ကြောင်း သိရသည်။

ထားလဲကျေးရွာသို့ စစ်အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ရာ စစ်ကောင်စီမှ ငါးဦး သေဆုံးခဲ့ပြီး Karenni G.Z မှ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“သူတို့က ခြောက်မိုင်ကနေ ဘောလခဲတပ်ဘက်ကို အင်းအားဖြည့်ဖို့ ခြေလျင်လာတာ အင်အားကတော့ များတယ်။ ၂၅၀ ၃၀၀ ဝန်းကျင်လောက်တော့ရှိမယ်။ ကျွန်တော်တို့ဘက်က သုံးဦး ဒဏ်ရာရပြီး စစ်ကောင်စီဘက်ကတော့ ငါးဦးကျတယ်။” ဟုသူကပြောသည်။

Karenni G.Z မှ ဒဏ်ရာရရှိသူ သုံးဦး၏ အခြေအနေသည် စိုးရိမ်ရကြောင်း သူကဆက်‌ပြောသည်။

ဒဏ်ရာရရှိသူသုံးဦးမှ နောက်ကျော၊ ဦးခေါင်းနှင့် ခြေထောက်တို့တွင် လက်နက်ထိမှန်ထားကြောင်း သိရသည်။

ထားလဲကျေးရွာရှိ စပါးကျီတစ်လုံး မီးလောင်သွားပြီး ပြည်သူထိခိုက်မှုမရှိကြောင်း သိရသည်။

ကယားပြည်နယ်တွင် စစ်ကောင်စီတပ်ကြောင့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ထိ သေဆုံးသူ စုစုပေါင်း ၁၂၂ ဦးရှိသည်ဟု တိုးတက်သောကရင်နီပြည်သူ့အင်အားစုမှ ယနေ့ အောက်တိုဘာလ ၁၁ ရက်နေ့၌ ထုတ်ပြန်ထားသည်။

 

သင့်ထင်မြင်ချက်ရေးပေးပါ