မြန်မာနိုင်ငံတဝှမ်းလုံးရှိ ဆူပူမှုများကို ဥပဒေနှင့်အညီဆောင်ရွက်လျက်ရှိသည်ဟု အကြမ်းဖက်အာဏာသိမ်းစစ်ခေါင်းဆောင်က ယမန်နေ့ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးတွင် ယမန်နေ့အောက်တိုဘာလ ၁၀ ရက်နေ့က ပြုလုပ်ခဲ့သည့် တွေ့ဆုံပွဲတွင် အကြမ်းဖက်စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရန်ကုန်မြို့တွင်ဆူပူမှုဖြစ်စဉ်များဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဥပဒေနှင့်အညီဆောင်ရွက်လျက်ရှိသည်ဟု ပြောဆိုခဲ့ကြောင်း ယနေ့ အောက်တိုဘာလ ၁၁ ရက်ထုတ် မြန်မာ့အလင်းသတင်းစာတွင် အောက်ပါအတိုင်း ဖော်ပြထားသည်။

“လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများက ဥပဒေနှင့်အညီဆောင်ရွက်လျက်ရှိကြောင်း… ဒီမိုကရေစီစနစ်တွင် ဥပဒေနှင့်အညီ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နိုင်သော်လည်း အကြမ်းဖက်မှုများမှာ မဖြစ်သင့်ကြောင်း…” ပြောဆိုခဲ့သည်။

သို့သော်တွေ့ဆုံပွဲနှင့်ပတ်သက်သည့် ဖော်ပြချက်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက နိုင်ငံအနှံ့ကျူးလွန်လျက်ရှိသည့် အလောင်းဖျောက်လူသတ်မှုများ၊ အကြောင်းမဲ့ရိုက်နှက်နှိပ်စက်မှုများ၊ တရားမဝင်ဖမ်းဆီးထောင်ချမှုများ၊ ရွာမီးရှို့မှုများနှင့် လက်နက်မဲ့ပြည်သူများကို အကြောင်းမဲ့ရမ်းသမ်းပစ်ခတ်မှုများကို ထည့်သွင်းပြောဆိုခဲ့ခြင်းမရှိပါ။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) အဖွဲ့က ပြုစုထားသည့် အချက်အလက်များအရ အကြမ်းဖက်စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူပေါင်း ၇၁၉၆ ဦးထက်မနည်း ဖမ်းဆီး သို့မဟုတ် ထောင်ချခံခဲ့ရပြီး ၁၁၆၄ ဦးထက်မနည်း သတ်ဖြတ်ခံရသည်ဟု သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ