စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် လေသာကျေးရွာတွင် ယနေ့ နံနက် ၄ နာရီခွဲခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်လာသောကြောင့် ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အလယ်တောကျေးရွာနှင့် လေသာကျေးရွာကြားတွင် ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲကြောင့် PDF တပ်ဖွဲ့ဝင်သုံးဦးနှင့် အရပ်သားပြည်သူ ၁ ဦး ထိခိုက်ကျဆုံးခဲ့သည်ဟု ထီးချိုင့် (PDF) က The 74 Media ကိုပြောသည်။

“အကျအဆုံးက လေးယောက်လောက်တော့ လောလောဆယ်သတင်းရပါတယ်။ အရပ်သားလည်း တစ်ဦးပါတယ်။ မနေ့ည အလယ်တောစာသင်ကျောင်းနဲ့ ဘုရားတောင်ရိုးပေါ်မှာ တပ်စွဲပြီး ဒီနေ့မနက် ၄ နာရီခွဲလောက်မှာ ရွာကိုဝင်စီးတဲ့သဘောပေါ့။ သူတို့ဆီမှာ ၆၀ မမတွေပါတယ်။ အာပီဂျီတွေလည်းပါတယ်” ဟုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့တို့သည် ယခုချိန်တွင် လေသာကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားကြကြောင်း သူကဆက်ပြောသည်။

လေသာကျေးရွာတွင် ယနေ့နံနက်တိုက်ပွဲဖြစ်ပွားချိန်၌ ဒေသခံပြည်သူအများအပြားကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး အချို့မှာ အသတ်ခံထားရသည်ဟု ကြားသိရသော်လည်း အတည်နိုင်ခြင်း မရှိသေးကြောင်း ရွာမှ တာဝန်ခံတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း ထီးချိုင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့သည် အောက်တိုဘာ ၃ ရက်နေ့ကလည်း အလယ်တော ရဲကင်းကို မီးရှို့ဖျက်ဆီးခဲ့ပြီး ၄ ရက်နေ့တွင် ကမ်းနီရွာအထွက်ရှိ စာသင်ကျောင်းအနီးမှ စစ်ကောင်စီရဲကင်းအား မီးရှို့ဖျက်ဆီးခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ