ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ၃မိုင် ရွှေပြည်သာရပ်ကွက်ရှိ သံချပ်ကာတပ်တွင် ယနေ့ အောက်တိုဘာ ၅ ရက်နေ့ နံနက် ၉ နာရီခန့်က လက်နက်ကြီး၊ သေနတ်သံများ ကြားနေရကြကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲနှင့် ယာဉ်ထိန်းရဲများက ဗန်းမော် ၃ မိုင် သံချပ်ကာတပ်အတွင်း၌ လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်လေ့ကျင့်နေခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“ဗန်းမော် ၃ မိုင်သံချပ်ကာတပ်ထဲမှာ ရဲနဲ့ ယာဉ်ထိန်းရဲတွေ လက်နက်ကြီးငယ်တွေနဲ့လေ့ကျင့်ပစ်နေကျတယ်။ မနားတမ်းဘဲ” ဟုသူကပြောသည်။

လေ့ကျင့်မှုတွင်ပါဝင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ဦးထက်မနည်း ရှိနိုင်ကြောင်း သူက ဆက်ပြောသည်။

တပ်အတွင်းမှ လေ့ကျင့်ပစ်ခတ်သံများကို ၂ မိုင်အောင်သာရပ်ကွက်အထိ ကြားရကြောင်း အခြားဒေသခံ တစ်ဦးက ပြောသည်။

“၉ နာရီလောက်မှာ လက်နက်ကြီးသံ သုံးချက် လေးချက်လောက် ကြားလိုက်တယ်” ဟုသူကပြောသည်။

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် တိုက်ပွဲငြိမ်သက်နေသည်မှာ သုံးလခန့်ရှိပြီဖြစ်သော်လည်း စစ်ကောင်စီတပ်များက ကုန်းလမ်း၊ ရေလမ်းမှ တစ်ဆင့် အင်အားနှင့် စစ်လက်နက် ရိက္ခာတိုးချဲ့မှုများ ဆက်လက်ပြုလုပ်လျက်ရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ