ဘုတလင်မြို့နယ် တွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် လက်ပံကျေးရွာနှင့် စိုင်ပြင်ကျေးရွာကြားတွင် စစ်ကောင်စီယာဉ်တန်း ၁၃ စီးသည် ယနေ့နံနက်  ၁၁ နာရီဝန်းကျင်က မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း သိရသည်။

ထိုစစ်ကောင်စီယာဉ်တန်းသည် မုံရွာ အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ မြောက်ပိုင်းသို့တက်လာချိန်တွင် မိုင်းဆွဲခံရခြင်းဖြစ်ပြီး ကားသုံးစီးမိုင်းထိမိကြောင်း စိုင်ပြင်ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“သူတို့  နမခ (အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်)က ထွက်လာတာ။ လက်ပံ ကျေးရွာ နဲ့ စိုင်ပြင် အကြားမှာမိုင်းဆွဲခံရတာ။ ၃ စီး ထိတယ်။ ၁ စီးကတော့ ထိထိမိမိ ထိတယ် ပြောတယ်။ ကျန်တဲ့စစ်ကားတွေအားလုံးကတော့ စိုင်ပြင်မြို့ထဲ ဝင်လာတာ” ဟုပြောသည်။

မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ မည်မျှသေဆုံးသွားသည်ကို မသိရှိရသေးကြောင်း သူကပြောသည်။

မိုင်းခွဲတိုက်ခိုက်ခံရမှုမှ လွတ်မြောက်သွားသော စစ်ကောင်စီယာဉ်တန်းများသည် စိုင်ပြင်မြို့သို့ဝင်ရောက်လာကာ ဒေသခံပြည်သူများအား ဖမ်းဆီး၍ ဖုန်းများစစ်ဆေးပြီး PDF တပ်ဖွဲ့များ၏ သတင်းပေးရန် မှာကြားခဲ့သည်ဟု သူကဆက်ပြောသည်။

“စိုင်ပြင် ဝင်ဝင်ချင်း ကတည်းက တစ်မြို့လုံးကို ဖြန့်ပြီး ဝင်တယ်။ တွေ့တဲ့ လူတိုင်းကို ဖမ်းတယ်။ ကွမ်းယာ ရောင်းနေသူ လည်း ဖမ်းတယ်။ မြို့ထဲ ဝင်လာပြီးကတည်းက စဖမ်းတော့တာပဲ။ ဖုန်းတွေသိမ်းတယ်။ ရဲစခန်း ထဲ ခေါ် သွားပြီး PDF သတင်းရရင်ပေးကြပါဆိုပြီး မှာတယ်တဲ့။ ပြန်လွတ်လာသူတစ်ဦးက ပြောပြတယ်” ဟုဆိုသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့များ စစ်ကိုင်းတိုင်းသို့ စစ်အင်အားဖြည့်တင်းနေပြီး ပင်လည်ဘူးမြို့နယ်၊ကောလင်းမြို့နယ်နှင့် ဝန်းသိုမြို့နယ်များတွင် ဖုန်းလိုင်းနှင့် မိုဘိုင်းအင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရကြောင်း သိရသည်။

ပုံ – စစ်ကိုင်းတိုင်း‌ေဒသကြီး မြစ်ကြီးနား-ရွှေဘိုလမ်းတွင် ဇူလိုင်လ ၄ ရက်နေ့က မိုင်းခွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီယာဉ်

သင့်ထင်မြင်ချက်ရေးပေးပါ