ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူ (ဆိုင်းတောင်) ကျေးရွာအုပ်စု မှော်ရှန် ကျီးမနိုးဘုရားအနီးရှိ တောထဲတွင် ယမန်နေ့ အောက်တိုဘာလ ၃ ရက်နေ့၊ မွန်းလွဲ ၂ နာရီခန့်က လူငယ်တစ်ဦး လည်ပင်းတွင် ဓားဒဏ်ရာဖြင့် သေဆုံးနေကြောင်း သိရသည်။

သေဆုံးနေသူ အမျိုးသားကို လက်ပြန်ကြိုးတုတ်ကာ လည်ပင်းတွင် ဓားဒဏ်ရာဖြင့် သေဆုံးလျက် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“တောထဲ မျစ်ချိုးတဲ့သူက အရင်တွေ့တာ အသတ်ခံထားရတာပေါ့။ သတ်တဲ့သူက မပေါ်သေးဘူး မနေ့က ရဲတွေလာစစ်တယ်။ အလောင်းက ကိုင်လို့ကို မရဘူး ပုပ်ပွနေပြီးတော့ လောက်တွေတက်နေတာ ၁၂ ရက်လောက် ရှိပြီထင်တယ်၊ လက်ပြန်ကြိုးတုပ်ထားတယ်၊ လည်ပင်းလှီးပြီး သတ်ထားတာ” ဟု သူကပြောသည်။

သေဆုံးသူအမျိုးသားသည် မည်သူမည်ဝါဖြစ်သည်ကို မသိရှိရသေးကြောင်း သူကဆက်ပြောသည်။

ဖားကန့်မြို့နယ်ရှိ ကုမ္ပဏီလုပ်ကွက်ဟောင်းရေကန်တွင် လွန်ခဲ့သော ဇူလိုင်လ ၂၂ ရက်နေ့ကလည်း ဂွေခါကျေးရွာမှ မောင်မုန်ထွယ်နော်ဆိုသူကို ပျောက်ဆုံးနေသည့် လေးရက်မြောက်နေ့တွင် ခြေနှင့် လက်ကို ကြိုးချည်ထားပြီး သေဆုံးလျက်အနေအထားဖြင့် ပြန်လည်တွေ့ရှိခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ