ဖားကန့်တွင် လေးရက်ကြာပျောက်ဆုံးနေသည့် လူငယ်တစ်ဦးကို သေဆုံးလျက်သား ပြန်လည်တွေ့ရှိ

ဖားကန့်မြို့နယ်၊ ဂွေခါကျေးရွာတွင် လေးရက်ကြာ ပျောက်ဆုံးနေသူကို ဇူလိုင်လ ၂၂ ရက်နေ့၊ နေ့လည် ၂ နာရီဝန်းကျင်ခန့်က ကုမ္ပဏီလုပ်ကွက်ဟောင်းရေကန်တွင် သေဆုံးလျက် ပြန်လည် တွေ့ရှိခဲ့ကြောင်း သိရသည်။

ဖားကန့်တွင် လေးရက်ကြာပျောက်ဆုံးနေသည့် လူငယ်တစ်ဦးကို သေဆုံးလျက်သား ပြန်လည်တွေ့ရှိ

 

ဂွေခါကျောက်စိမ်းမှော် ရတနာကြယ်ကုမ္ပဏီလုပ်ကွက်ဟောင်းရေကန်တွင် လက်နှင့်ခြေထာက်ကို ကြိုးချည်ပြီး သေဆုံးလျက်သား ပြန်လည်တွေ့ရှိခြင်းဖြစ်သည်ဟု နီးစပ်သူ တစ်ဦးက The 74 Media ကိုပြောသည်။

“သူ့အလောင်းကို သူအလုပ်လုပ်တဲ့ နေရာမှာ အဲ့ရေမှာ သူ့ကျောက်တူးနေတဲ့ သူငယ်ချင်းတွေပဲ အဲ့အလောင်းကို တွေ့တာ ဒီနေ့ မြှပ်မှာတဲ့ သူ့ကိုက လက်ရော ခြေထောက်ရော ကြိုးချည်ထားတယ်လို့ပြောတယ်၊ အခုက သူ့လည်ပင်းမှာလည်း ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေတွေ့တယ်တဲ့” ဟု သူကပြောသည်။

သတ်ဖြတ်ခံရသူသည် ကုမ္ပဏီလုပ်ကွက်ဟောင်းတွင် ညစောင့် အလုပ်လုပ်ကိုင်ပြီး တစ်ဦးတည်း ညစောင့်နေချိန် သတ်ဖြတ်ခံရခြင်းဖြစ်သည်ဟု သူကဆက်ပြောသည်။

လက်ရှိချိန် ဖားကန့်မြို့တွင် ကချင်လူငယ်များ အပြင်ထွက်ရန် စိုးရိမ်နေကြောင်း ဒေသခံလူငယ်တစ်ဦးက ဆက်ပြောသည်။

“ဆုံးတဲ့သူက ကျောက်တူးတဲ့သူပဲ ဟုတ်တယ်၊ ၄ ရက်ကြာမှ ပြန်တွေ့တာ ရေထဲမှာ တွေ့ပေမယ့် ကိုယ့်ပါကိုယ်တော့ လက်မှာ ကြိုးတုတ်ပြီး ရေထဲ ခုန်မချပါဘူးလေ၊ အခုတလော မှော်ထဲမှာ ကချင်ကလေးတွေ အပြင်မထွက်ရဲကြဘူး ကချင်ကလေးတွေဆိုရင် တောထဲက ပြန်လာတယ်ဆိုပြီး ရှာနေကြတာ စစ်ကောင်စီတွေက ဒလန်နဲ့ပေါင်းပြီး သတ်နေတာ လို့ပြောတယ် အခုဆုံးသွားတဲ့သူလည်း ဘယ်သူသတ်မှန်း အသေအချာ မသိဘူး” ဟု သူက ပြောသည်။

သေဆုံးသူ လူငယ်အမျိုးသားသည် မောင်မုန်ထွယ်နော် အသက် ( ၁၈ ) ဖြစ်ပြီး ၎င်းသေဆုံးမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းက ပြုလုပ်သွားသည်ကို မသိရှိရသေးကြောင်းနှင့် The 74 Media မှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဖားကန့်မြို့တွင် အလားတူ သတ်ဖြတ်မှုများ ယခင်က ဖြစ်ပေါ်ခဲ့ဖူးပြီး ၂၀၂၀ ဒီဇင်ဘာလ တွင် အသက် ၂၀ အရွယ် မောင်မုန်ဒွယ်အောင်သည် ဂွေခါကျေးရွာတွင် လုပ်ကြံသတ်ဖြတ် ခံခဲ့ရပြီး ယနေ့ချိန်ထိ လူသတ်တရားခံကို ရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်း သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ