စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ကန့်ဒေါင့်ကျေးရွာအနောက်ဘက် ပိတောက်ကုန်းလမ်းခွဲအလွန်တွင် ယနေ့နံနက် ၈ နာရီက စစ်ကောင်စီယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပုလဲမြို့နယ်သို့ စစ်အင်အားနှင့် လက်နက်ရိက္ခာ ဖြည့်တင်းရန်လာသော စစ်ကောင်စီ ထောက်ပို့ယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု PPDF (ပုလဲပြည်သူ့ကာကွယ်ရေးတပ်) က The 74 Media ကိုပြောသည်။

“စစ်ကူထပ်ပို့ရင်းနဲ့ ရိက္ခာနဲ့ထောက်ပို့လာတဲ့ စစ်ယာဉ်တန်းလို့ထင်ရတာပဲ အစီးရေ ၈၀ ကျော်တယ်ဗျ။ အမြောက်ကားတွေကိုပဲ ခုနှစ်စီး ရှစ်စီးလောက်ပါတယ်။ သူတို့သယ်လာတာက ရိက္ခာရယ် လက်နက်ကြီးတွေရယ် စစ်သားအင်အားရောပေါ့။ မိုင်းတွေ ၂၇ လုံးခွဲလိုက်တာ။ အဲ့မှာ ကား၅စီး ထိခိုက်ပျက်စီးသွားတယ်။ ကားပေါ်ပါလာတဲ့ စကစ တွေ တော်တော်များများ သေကြေပျက်စီးတယ် ဒဏ်ရာရတယ်” ဟု သူကပြောသည်။

PPDF နှင့် စစ်ကောင်စီတပ်တို့ကြား ယမန်နေ့က ဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ သေဆုံးမှုများပြားပြီး ပုလဲပြည်သူ့ကာကွယ်ရေးတပ်မှ တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့သည်ဟု သူကဆက်ပြောသည်။

မိုင်းခွဲတိုက်ခိုက်ခံခဲ့ရသော စစ်ကောင်စီယာဉ်တန်းသည် ဆက်လက်ထွက်ခွာခြင်းမပြုဘဲ နဂါးမတောင်တန်း အနီးတွင် ရပ်တန့်ထားကြောင်း သိရသည်။

ပုလဲမြို့နယ်တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား မကြာခဏ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး ဒေသခံပြည်သူများက ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ