စစ်ကောင်စီတပ်ဖွဲ့ဝင်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လဝါးကျေးရွာအနီးရှိ ခွန်ဆိုင်ယန်ကျေးရွာတွင် ရိက္ခာပို့သည့် ယာဉ်တန်းကို လုံခြုံရေးယူရန် စစ်ကောင်စီတပ်သား အလုံးအရင်းဖြင့် တပ်စွဲထားကြောင်း သိရသည်။

တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက တနိုင်းတွင် ရိက္ခာပြတ်လတ်နေသောကြောင့် ယာဉ်တန်းအတွက် လုံခြုံရေးယူထားခြင်းဖြစ်သည်ဟု ခွန်ဆိုင်ယန်ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“မနက်က စစ်တပ်ရဲ့ ကား ၄၀ ကျော် ရိက္ခာသယ်ပြီး သွားလိုက်တာတွေ့တယ် တနိုင်းတပ်ရင်းဘက် ရိက္ခာပြတ်သွားလို့တဲ့ ခွန်ဆိုင်ယန်မှာ သူတို့က လုံခြုံရေးလာယူတာတဲ့၊ သူတို့က အရင်ကထက် လူအင်အားအများကြီးနဲ့ လုံခြုံရေးယူပြီး ကားတွေနဲ့ သွားပို့တဲ့သဘောပေါ့၊ ဒီအနီးအနားမှာ စစ်တပ်က အားလုံးနေရာယူထားပြီးပြီ” ဟု သူကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယမန်နေ့က လယ်တောမှ ပြန်လာသော ဒေသခံ သားအဖနှစ်ဦးကို ဖမ်းဆီးသွားပြီး ယနေ့နံနက်တွင် နေအိမ်သို့ပြန်ပို့ပေးခဲ့ကြောင်း သူကဆက်ပြောသည်။

“ရွာသားတွေရှောင်နေတော့ ဘာလို့ရှောင်နေတာလဲ ငါတို့ဘာမှ မလုပ်ပါဘူးဆိုပြီးတော့ပြောတယ်၊ ဒါပေမဲ့ မနေ့ကလည်း သားအဖနှစ်ယောက်လယ်တောထဲသွားတဲ့အချိန် ဖမ်းလိုက်သေးတယ် ပြန်တော့လာပို့ပါတယ်” ဟုသူကပြောသည်။

ဖားကန့်မြို့နယ်၊ ခွန်ဆိုင်ယန်ကျေးရွာသို့ စက်တင်ဘာလ ၂၅ ရက်နေ့က စစ်ကောင်စီစစ်ကြောင်း ရောက်ရှိလာသောကြောင့် ဒေသခံပြည်သူအများစုသည် လဝါးကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ကျန်ရှိနေသူများကိုလည်း အမြန်ဆုံးတိမ်းရှောင်ရန် ကေအိုင်အေကပြောထားကြောင်း သိရသည်။

တနိုင်းမြို့သို့ စစ်လက်နက် ရိက္ခာများတင်ပို့လျက်ရှိသည့် စစ်ကောင်စီယာဉ်များကို ကေအိုင်အေက ကားမီးရှို့ခြင်း၊ ကြားဖြတ်တိုက်ခိုက်ခြင်းများကို မကြာခဏပြုလုပ်လေ့ရှိသည်။

Photo credit : Time Magazine ( ပုံဟောင်းဖြစ်ပါသည်။)

သင့်ထင်မြင်ချက်ရေးပေးပါ