လိုင်စင်မဲ့ ဆိုင်ကယ်နှင့် မော်တော်ယာဉ်များ ရှောင်တခင် စစ်ဆေးသိမ်းဆည်းမည်

ကချင်ပြည်နယ်အတွင်းရှိ လိုင်စင်မဲ့ဆိုင်ကယ်နှင့် မော်တော်ယာဉ်များကို ရှောင်တခင်စစ်ဆေးသိမ်းဆည်းမည်ဟု မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဆုံးဖြတ်ခဲ့သည်ဟု သတင်းထွက်ပေါ်နေကြောင်း သိရသည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ယနေ့ပြုလုပ်ခဲ့သည့်အစည်းအဝေးတစ်ခုတွင် လိုင်စင်မဲ့ဆိုင်ကယ်နှင့် မော်တော်ယာဉ်များကို သိမ်းဆည်းမည်ဟု ဆုံးဖြတ်ခဲ့သည်ဟု သတင်းရင်းမြစ်တစ်ဦးက The 74 Media ကို ပြောသည်။

လိုင်စင်မဲ့ ဆိုင်ကယ်နှင့် မော်တော်ယာဉ်များ ရှောင်တခင် စစ်ဆေးသိမ်းဆည်းမည်

“ဒီနေ့လုပ်တဲ့ တိုင်း (မ.ပ.ခ) မှာလုပ်တဲ့ အစည်းအဝေးမှာ ဝစ်တောက် (လိုင်စင်မဲ့) တွေကို အလစ်ဝင်ဖမ်းမယ်လို့ ဆုံးဖြတ်ထားတယ်လို့ ကြားတယ်။ ဘယ်အချိန်စဖမ်းမလဲတော့ မသိဘူး။ အလစ်ဝင်ဖမ်းမယ်ပြောတယ်” ဟု သူကပြောသည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးဝန်းကျင်ရှိ တပ်စခန်းများတွင် စီးနှင်းနေသည့် လိုင်စင်မဲ့ယာဉ်များကိုလည်း ဖမ်းဆီးမည်ဟု ကြားသိရသည်ဟု သူက ဆက်ပြောသည်။

ကချင်ပြည်နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများအပါအဝင် ပြည်သူအများစုစီးနှင်းသည့် လိုင်စင်နှင့် မော်တော်ယာဉ်များသည် လိုင်စင်မဲ့များ ဖြစ်ကြသဖြင့် ထိုသို့သိမ်းဆည်းခြင်းက အကောင်းထက်အဆိုးပိုများစေနိုင်ကြောင်း မြစ်ကြီးနားဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“အရင်ကလည်း သိမ်းခဲ့ဖူးတာပဲလေ။ ဘာအကျိုးမှ ရှိတာမဟုတ်ဘူး။ ဒီကားတွေ ဆိုင်ကယ်တွေက သူတို့စစ်တပ်ဂိတ်တွေကို ပိုက်ဆံပေးပြီး ဖြတ်ခွင့်ရလို့ ဒီဒေသကိုရောက်လာတာ။ အခွန်ဆောင်ခွင့်ကလည်း တစ်နှစ်၊ နှစ်နှစ်နေမှ တစ်ခါလုပ်ပေးတာလေ။ အခွန်က များတော့ ဘယ်သူက ဆောင်ချင်မှာလည်း မဟုတ်ဘူးလား။ အခု စစ်တပ်ကသိမ်းဖို့ဆုံးဖြတ်တယ်ဆိုတာမှန်ရင် ဒါဟာ ပြည်သူဆီက သက်သက်မဲ့ ဓားပြတိုက်တာပဲ” ဟု သူ၏အမြင်ကိုပြောသည်။

ကချင်ပြည်နယ်တွင် ပြည်သူအများစုစီးနှင်းလျက်ရှိသည့် ဆိုင်ကယ်များသည် တရုတ်နယ်စပ်မှ ဝင်ရောက်လာပြီး ကားအများစုသည် ထိုင်းနိုင်ငံနယ်စပ်မှ ဝင်ရောက်လာခြင်းဖြစ်သည်။

မြစ်ကြီးနားမြို့တွင် ၂၀၁၉ နှောင်းပိုင်းတွင် ဆိုင်ကယ်လိုင်စင်များ ပြုလုပ်ပေးခဲ့သော်လည်း အခွန်အခများပြားခဲ့သဖြင့် အခွန်ဆောင်ပြီး လိုင်စင်ရယူသူ နည်းပါးခဲ့သည်။

Photo – ပုံဟောင်းဖြစ်ပါသည်

သင့်ထင်မြင်ချက်ရေးပေးပါ