လိုင်စင်မဲ့ယာဉ်များ သိမ်းဆည်းမည်ဟု သတင်းထွက်ပေါ်ခဲ့ပြီးနောက် ဗန်းမော်တွင် ဆိုင်ကယ်အစီး ၁၀၀ ကျော်ဖမ်းဆီး

ကချင်ပြည်နယ်အတွင်းရှိ လိုင်စင်မဲ့ယာဉ်များကို ရှောင်တခင်စစ်ဆေးသိမ်းဆည်းမည်ဟု မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဆုံးဖြတ်ခဲ့ကြောင်း သတင်းများထွက်ပေါခဲ့ပြီးနောက် ယနေ့ ဗန်းမော်မြို့တွင် ဆိုင်ကယ်အစီး ၁၀၀ ထက်မနည်းကို သိမ်းဆည်းလိုက်သည်ဟု သိရသည်။

လိုင်စင်မဲ့ယာဉ်များ သိမ်းဆည်းမည်ဟု သတင်းထွက်ပေါ်ခဲ့ပြီးနောက် ဗန်းမော်တွင် ဆိုင်ကယ်အစီး ၁၀၀ ကျော်ဖမ်းဆီး

ဗန်းမော်မြို့ သာစည်ရပ်ကွက်၊ မိတ်ဆက်လမ်းလေးခွတွင် ဆိုင်ကယ်အများအပြားကို သိမ်းဆည်းလိုက်သည်ဟု သတင်းရင်းမြစ်တစ်ဦးက The 74 Media ကို ပြောသည်။

“ဒီနေ့ဖမ်းတယ်။ ညနေပိုင်းမှာရောပဲ။ ဆိုင်ကယ်က အစီးတစ်ရာလောက်ရှိမယ်။ ဝစ်တောက် (လိုင်စင်မဲ့) ခေါင်းစဉ်နဲ့ ဖမ်းသွားတာ၊ ဘာဆက်ဖြစ်မလဲ မသိဘူး” ဟု သူကပြောသည်။

မိုးမောက်မြို့နယ်တွင်လည်း ယနေ့နေ့လယ်ပိုင်းတွင် ဆိုင်ကယ်စီးသူများကို လိုင်စင်စစ်ဆေးခဲ့သော်လည်း သိမ်းဆည်းမှုများ မရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“နေ့လယ်ပိုင်းမှာ လိုင်စင်စစ်တယ်။ လိုင်စင်မရှိဘူးဆိုတော့ လက်မှတ်ထိုးခိုင်းတယ်၊ အိမ်နံပါတ်တွေ မေးတယ်၊ ဆိုင်ကယ်နဲ့ လူကို ဓာတ်ပုံရိုက်ကြတယ်” ဟု ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူအများစု စီးပွားရေးကြပ်တည်းလာချိန်တွင် ဆိုင်ကယ်များကို ဆက်လက်ဖမ်းဆီးပါက စားဝတ်နေရေးပိုမိုကြပ်တည်းသွားစေနိုင်သည်ဟု ဗန်းမော်ဒေသခံတစ်ဦးက ပြောသည်။

“အခြေခံလူတန်းစားတွေက ဒီဆိုင်ကယ်နဲ့ပဲ ဈေးရောင်းစားနေတာ၊ စီးပွားရှာနေတာ။ ဒါလေးပဲ ရှိတာကို သိမ်းတယ်ဆိုတော့ တော်တော်လူမဆန်တဲ့လုပ်ရပ်လို့မြင်တယ်၊ အခြေခံလူတန်းစားတွေကို အသေသတ်တာပဲ” ဟု သူမ၏အမြင်ကို ပြောသည်။

လိုင်စင်မဲ့ယာဉ်များကို သိမ်းဆည်းခြင်းသည် စစ်ကောင်စီအနေဖြင့် အခွန်အခရရှိရန် ကြိုးပမ်းခြင်းဖြစ်နိုင်သည်ဟု အခြားပြည်သူတစ်ဦးက The 74 Media ကိုပြောသည်။

“သူတို့ကို ပြည်သူက မထောက်ခံတော့ အခွန်မဆောင်ကြဘူးလေ။ ဒါကြောင့်သက်သက်မဲ့ ဝစ်တောက် (လိုင်စင်မဲ့) ကားနဲ့ ဆိုင်ကယ်တွေကို အရင်သိမ်းပြပြီး လိုင်စင်ပြန်လုပ်ပေးမယ့် အကွက်လုပ်တာနေမှာ၊ သူတို့ပိုက်ဆံရမယ့်နည်းလမ်း ကြံဖန်တာပဲနေမှာ” ဟု ဆိုသည်။

ကချင်ပြည်နယ်တွင် ပြည်သူအများစုစီးနှင်းလျက်ရှိသည့် ဆိုင်ကယ်များသည် တရုတ်နယ်စပ်မှ ဝင်ရောက်လာပြီး ကားအများစုသည် ထိုင်းနိုင်ငံနယ်စပ်မှ ဝင်ရောက်လာခြင်းဖြစ်ပြီး အများစုသည် လိုင်စင်မဲ့များဖြစ်ကြသည်။

Photo – ပုံဟောင်းဖြစ်ပါသည်။

သင့်ထင်မြင်ချက်ရေးပေးပါ