မန်စေကျေးရွာတွင် လမ်းများပိတ်ဆို့နေပြီး လမ်းပန်းဆက်သွယ်ရေး အခက်အခဲဖြစ်နေ

ကချင်ပြည်နယ် ပူတာအိုမြို့နယ်ရှိ မန်စေကျေးရွာအုပ်စုရှိ ကျေးရွာများမှ လမ်းများ မိုးရာသီတွင် တောင်ပြိုမှုကြောင့် လမ်းများပိတ်ဆို့နေပြီး လမ်းပန်းဆက်သွယ်ရေး အခက်အခဲဖြစ်နေကြောင်း သိရသည်။

မန်စေကျေးရွာအုပ်စုတွင် ၂၀၁၉ ခုနှစ်က လူသွားလမ်းမှ ဆိုင်ကယ်သွားလမ်းအဖြစ် ရွာမှ ကိုယ်ထူကိုယ်ထပြုပြင်ခဲ့သော်လည်း ယခုနှစ်မိုးရာသီ မြေပြိုမှုကြောင့် လမ်းများပျက်စီးသွားသည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

မန်စေကျေးရွာတွင် လမ်းများပိတ်ဆို့နေပြီး လမ်းပန်းဆက်သွယ်ရေး အခက်အခဲဖြစ်နေ

“ရွာကနေ ကိုယ်ထူကိုယ်ထ ဖောက်ထားတဲ့လမ်း ဆိုင်ကယ်နဲ့သွားလို့ရတာ နှစ်နှစ်ရှိပြီး ဒီနှစ်တောင်တွေပြိုပြီး ပျက်တာ တော်တော်ပျက်နေပြီ။ ဆေးခန်းပြချင်ရင်တောင် တစ်ရွာနဲ့တစ်ရွာ တစ်နာရီလောက်သွားရတယ်။ ကျေးလက်ဆေးပေးခန်းက အဝမ်ဒမ်းရယ် ခါလန်မှာဘဲ ရှိတယ်။ ဆေးရုံပြချင်ရင် ပူတာအိုထိသွားရတယ်” ဟုသူကပြောသည်။

ကျန်းမာရေးကာကွယ်စောင့်ရှောက်မှုအားနည်းသောကြောင့် နေမကောင်းဖြစ်လျှင် ဆေးရုံသွားရန်အတွက် မန်စေကျေးရွာအုပ်စုမှ ပူတာအိုမြို့အထိ ၂၄ မိုင်ကွာဝေးသောခရီးကို ငါးနာရီခန့်သွားရသောကြောင့် လမ်းသစ်ဖောက်လုပ်ရန် ခက်ခဲသော ယခုကာလတွင် အမြန်ဆုံးသွားနိုင်ရန် လမ်းပြုပြင်စေလိုကြောင်း သူကဆက်ပြောသည်။

မန်စေကျေးရွာသည် ဖုန်ကန်ရာဇီရေခဲတောင်၏ တောင်ခြေတွင်ရှိသော ကျေးရွာအုပ်စုဖြစ်ပြီး ၂၀၁၀ ခုနှစ်က ထူးကုမ္ပဏီအုပ်စုမှ ရေခဲတောင်တက် ခရီးသွားလုပ်ငန်း စီမံကိန်းအတွက် ဖောက်လုပ်ခဲ့သော လမ်းဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မန်စေကျေးရွာအုပ်စုတွင် ဆန်ဂေါင်၊ ဝမ်လှိုင်ဒမ်း၊ လုံန၊ အဝပ်ဒမ်း၊ ခါလန်နှင့် ရေခဲတောင်ခြေရွာ ဇီယာဒမ်းရွာ တို့ပါဝင်ပြီး အိမ်ခြေပေါင်း ၂၂၀၊ လူဦးရေစုစုပေါင်း ၁၃၀၀ ကျော်နေထိုင်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ