စစ်ကောင်စီတပ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လဝါးကျေးရွာအုပ်စု ဒွမ်ဘန်ကျေးရွာတွင် ယနေ့နံနက် ၈ နာရီခန့်က စစ်‌ကောင်စီတပ်သည် စစ်ကြောင်းတက်လာသော လမ်းတစ်လျောက်၌ ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်နေကြောင်းသိရသည်။

စစ်ကောင်စီတပ်၏ စစ်ကြောင်းတက်လာသော ဒွန်ဘန်ကျေးရွာတစ်လျောက်တွင် ကေအိုင်အေရှိသည်ဟု ယူဆသောနေရာများသို့ ရမ်းသမ်းပစ်ခတ်နေခြင်းဖြစ်နိုင်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“သေနတ်သံတွေ နာရီဝက်လောက် ပြန်ကြားရတယ် အသံက ကြားလိုက် ငြိမ်လိုက်ပဲ၊ စစ်တပ်က သူတို့ဟာသူတို့ ပစ်နေတာ ဒွန်ဘန်ရွာဘက် ဝင်လာလို့ အချက်ပေးတဲ့သဘော ကေအိုင်အေတွေ ရှိမယ်ထင်တဲ့ဘက်ကို ခန့်မှန်းပြီး ပစ်နေတာ။” ဟုသူကပြောသည်။

ဖားကန့်မြို့နယ်၊ လဝါးကျေးရွာအနီးတွင်လည်း ယမန်နေ့ စက်တင်ဘာလ ၂၅ ရက်နေ့က စစ်အင်အားတိုးချဲလာသည့် စစ်ကောင်စီစစ်‌ကြောင်းကို ကေအိုင်အေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ကြားဖြတ်တိုက်ခိုက်ခံရသော စစ်ကောင်စီစစ်ကြောင်း ရောက်ရှိလာသည့် လဝါးကျေးရွာအုပ်စု ခွန်ဆိုင်ယန်ကျေးရွာမှ ပြည်သူများလည်း ယမန်နေ့ညနေက လဝါးကျေးရွာရှိ ဘုရားကျောင်းများနှင့် နီးစပ်ရာဆွေမျိုးများထံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

– ပုံဟောင်းပြန်လည်အသုံးပြုထားခြင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ