ပင်လည်ဘူးမြို့နယ်

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ်၊ ကောလင်းမြို့နယ်နှင့် ဝန်းသို မြို့နယ်တို့တွင် ယနေ့နံနက် ၆ နာရီခန့်မှစ၍ ဖုန်းလိုင်းနှင့် မိုဘိုင်းအင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရကြောင်း သိရသည်။

ယနေ့နံနက် ၆ နာရီခန့်မှ စတင်ကာ ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်လိုက်ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး အင်တာနက် ဖုန်းလိုင်းအကုန်ဖြတ်သွားပါပြီ။ ဖုန်းလိုင်းတွေ Internet ကောပဲ အကုန်ပေါ့။ အိမ်ကိုဖုန်းခေါ်လို့မရတော့ဘူး။” ဟုပြောသည်။

ဖုန်းလိုင်းနှင့် မိုဘိုင်းအင်တာနက်လိုင်းများကို အချို့မြို့နယ်များတွင် နံနက် ‌၄ နာရီ၊ အချို့မြို့နယ်များတွင် နံနက် ၆ နာရီမှစ၍ ဖြတ်တောက်ခံလိုက်ရကြောင်းသိရသည်။

ယခုကဲ့သို့ ဖုန်းလိုင်း အင်တာနက်လိုင်းများ ဖြတ်တောက်လိုက်ခြင်းသည် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားမည်ကို သတင်းအမှောင်ချနေခြင်း ဖြစ်နိုင်သည်ဟု အခြားဒေသခံတစ်ဦးက ပြောသည်။။

“ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်လိုက်ပါပြီ။ စကစတွေ တိုက်ပွဲစဖို့ သတင်းအမှောင်ချနေပြီ‌ထင်တယ်။ စကစတွေ မကြာခင်တိုက်မယ်ထင်တယ်။လိုင်းတွေဖြတ်လိုက်ပြီဆိုတော့။” ဟုပြောသည်။

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ်တွင်စက်တင်ဘာလ ၂၂ ရက်နေ့နှင့် ၂၄ ရက်နေ့က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်သို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ