မုံကိုးမြို့နယ်

စစ်ကောင်စီတပ်နှင့်ကိုးကန့်တပ်ဖွဲ့ (MNDAA)တို့တိုက်ပွဲဖြစ်ပွားနေသော ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံကိုးမြို့နယ်၊ မုံလုံနှင့် နမ့်ဆူကျေးရွာကြားတွင် ယနေ့ မွန်းလွှဲနှစ်နာရီခန့်မှစတင်ပြီး လက်နက်ကြီးများ ကျရောက်ပေါက်ကွဲနေကြောင်းသိရသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲသံများကို ဆယ်ကြိမ်ခန့်ကြားနေရကြောင်း မုံကိုးဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။

“အခုပြန်ကြားနေရတယ်၊ ပစ်ခတ်နေလို့ ဖုန်းတွေတောင် မဆက်ရဲကြဘူး၊ လက်နက်ကြီးသံတွေကြားနေရတယ် မုံကိုးဘက်ကနေ ပစ်တာနေမှာ၊ ခုက  မုံလုံနဲ့ နမ်ဆူကို ပစ်နေကြတာ၊ ခဏခဏပစ်နေတာ ဆယ်ကြိမ်လောက်ရှိလာပြီ” ဟု သူက ပြောသည်။

လက်နက်ကြီးများ ကျရောက်ပေါက်ကွဲနေသောကြောင့် အနီးရှိ မုံလုံနှင့်နမ့်ဆူကျေးရွာမှ ဒေသခံများ စိုးရိမ်နေကြောင်းသူကပြောသည်။

မုံကိုးမြို့နယ်အတွင်းသို့ စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ စစ်ယာဉ်တန်းများကို ယနေ့ နံနက် ၈ နာရီခန့်က (MNDAA) ကိုးကန့်တပ်ဖွဲ့ဝင်များက မုံလုံနှင့် နမ့်ဆူ ကျေးရွာကြား အရောက်တွင် လက်နက်ကြီးများဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သူက ဆက်ပြောသည်။

“ဒီမနက် ၈နာရီ လောက်က စစ်ကောင်စီတွေရဲ့ ကားတွေ တက်လာတဲ့အချိန် ပစ်ခတ်ခံထားရတာ ကားကြီးတွေဆိုတော့ သူတို့(MNDAA) က RPG တွေနဲ့ပစ်တာပေါ့ ၊ ကားက ဆယ်စီးကျော်တယ်၊ ခလုံ ဘေးကနေ တက်လာရင် တံတားရှိတယ်။ အဲ့နားမှာ ပစ်လိုက်တာ။ ခုဖြစ်နေတာနဲ့ ဒီမနက်ဖြစ်တဲ့နေရာနဲ့က ၁၀ မိုင်လောက်ပဲဝေးတယ်” ဟု ဆိုသည်။

တိုက်ပွဲနှင့် ပတ်သက်ပြီး သေဆုံးထိခိုက်မှုရှိ၊ မရှိကိုမူ The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

မုံကိုးမြို့နယ်တွင် ဩဂုတ်လမှစ၍ MNDAA ကိုးကန့်တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ကလည်း မုံကိုးမြို့နယ်အတွင်းသို့ စစ်အင်အားတိုးချဲ့မှုများ ပြုလုပ်လျက်ရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ