မင်းတပ်မြို့တွင် စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် နေအိမ်အချို့ထိခိုက်ပျက်စီး

ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် ယမန်နေ့ စက်တင်ဘာလ ၂၂ ရက်နေ့၊ ည ၇ နာရီခန့်က လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံများကြားရပြီးနောက် ဘုရားကျောင်းဝင်းအတွင်းရှိ ဆရာတော်ကျောင်းတိုက်နှင့် ဒေသခံတို့၏ နေအိမ် ၂၀ ခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

မင်းတပ်မြို့တွင် စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် နေအိမ်အချို့ထိခိုက်ပျက်စီး

လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံ တစ်နာရီခန့်ကြားခဲ့ရပြီး ဘုရားကျောင်းဝင်းအတွင်းရှိ ဆရာတော် ကျောင်းတိုက်နှင့် ဒေသခံတို့၏ နေအိမ် ၂၀ ခန့်တွင် လက်နက်ကြီးနှင့် ကျည်ထိမှန်မှုများရှိခဲ့သည်ဟု မင်းတပ်ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“လူနေအိမ် ခန့်မှန်းခြေ ၂၀ ဝန်းကျင်လောက်ထိတယ်၊ မင်တပ်မြို့က ယေဇူးရွှေနှလုံးတော် ဘုရားရှစ်ခိုးကျောင်း ဝိုင်းထဲက ဆရာတော်ကျောင်းတိုက်လဲ ထိခိုက်ပျက်စီးမှုရှိတယ်။ လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်သံက တစ်နာရီခွဲလောက် ဆက်တိုက်ကြားရတယ်။” ဟုသူကပြောသည်။

အပြန်အလှန်ပစ်ခတ်ခြင်းဖြစ်သည်ဟု အတည်ပြုနိုင်ခြင်းမရှိသောကြောင့် စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်မှု ဖြစ်သည်ဟုသာ ယူဆကြောင်း သူကဆက်ပြောသည်။

ချင်ပြည်နယ် ထန်တလန်မြို့တွင် စက်တင်ဘာလ ၁၈ ရက်နက်က စစ်ကောင်စီတပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ် ၁၉ လုံး မီးလောင်ပျက်စီးပြီးနောက် ဒေသခံအများစုသည် လက်နက်ကြီးပစ်ခတ်မှုကို ကြောက်ရွံ့ကာ အခြားမြို့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

မင်းတပ်မြို့ကို မေလ ၁၄ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် စစ်ကောင်စီတပ်၏ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ဇူလိုင်လ တတိယအပတ်မှ စတင်ကာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှု ပျက်ပြယ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ကြား စစ်ရေးပြန်လည်တင်းမာလာခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ