မိုးမောက်မြို့နယ် စိန်လုံကျေးရွာအုပ်စုမှ စစ်ရှောင်ပြည်သူများ

ကချင်ပြည်နယ် မိုးမောက်မြို့နယ်၊ ကြေးနန်းရပ်ကွက်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင်ပြည်သူများ နေရာထိုင်ခင်း၊ သောက်ရေနှင့် ကျန်းမာရေးကာကွယ်စောင့်ရှောက်မှုများ လိုအပ်နေကြောင်း သိရသည်။

မိုးမောက်မြို့နယ် စိန်လုံကျေးရွာအုပ်စုမှ မေလ ၂၆ ရက်နေ့က ထွက်ပြေးတိမ်းရှောင်လာပြီး စိန်လုံရှနန်ဘော်ဒါဆောင်တွင် မှီခိုနေကြသည့် စစ်ရှောင်ပြည်သူများသည် နေရာထိုင်ခင်းအတွက် အခက်အခဲဖြစ်နေ၍ နေအိမ်ဆောက်လုပ်ပေးနိုင်ရန် အကူအညီများလိုအပ်နေသည်ဟု စခန်းတာဝန်ခံတစ်ဦးက The 74 Media ကိုပြောသည်။

“အလိုအပ်ဆုံးက နေစရာ တဲတွေပေါ့။ စရောက်တုန်းက မိုးမရွာဘူးလေ၊ အခုနောက်ပိုင်းက တဲမရှိတဲ့ကြားက မိုးပြန်ရွာတော့ နေထိုင်ရအရမ်းကြပ်သွားတာ။ ကျွန်တော်တို့ဆီမှာ အသက် ၉၀ ဝန်းကျင်တွေလည်းပါတယ်။ သူတို့ကိုက ရပ်ကွက်မှာနေခိုင်းထားတယ်။ ဒီမှာ အရမ်းကြပ်တော့ တဲလည်းမဆောက်နိုင်သေးတော့လေ တဲဆောက်ပြီးမှ ပြန်ခေါ်မယ်ဆိုပြီး ဆွေမျိုးတွေအိမ်မှာ ပို့ထားရတယ်” ဟု သူကပြောသည်။

စစ်ရှောင်ပြည်သူမှ အိမ်ထောင်စု ၂၀ ကျော်သည် ယခု စိန်လုံရှနန်ဘော်ဒါဆောင်တွင် နေထိုင်ပြီး ၄၀ ကျော်မှာ ရပ်ကွက်အတွင်းရှိ ဆွေမျိုးများထံ သွားရောက်မှီခိုနေထိုင်နေရပြီး နေရန်အိမ်များ ဆောက်လုပ်ပြီးပါက စစ်ရှောင်ပြည်သူများကို ပြန်လည်ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။

စစ်ရှောင်ပြည်သူများ၏ သောက်သုံးရေအတွက် အဝီစိတွင်း တစ်ခုနှင့် ဘုံဘိုင် နှစ်ခုရှိသော်လည်း ရေမကြည်ဘဲ အနံ့အသက်မကောင်းသောကြောင့် သောက်ရေအတွက်လည်း အခက်အခဲရှိနေကြောင်း သူကဆက်ပြောသည်။

“အရင်က ဘော်ဒါကလေးတွေကို ခေါ်သောက်တဲ့ အဝီစိတွင်း တစ်ခုရှိတယ်။ အဲက ရေထုတ်ယူပြီး အဲ့မှာ သုံးနိုင်သလောက်သုံးတယ်။ စရောက်တဲ့ချိန်က စေတနာရှင် သုံးယောက်လောက်ရောက်လာပြီး ရေဘုံဘိုင် နှစ်ခုလာရိုက်ပေးသွားတယ်။ အခုအဲဒါသောက်နေတာ ဟုတ်တယ်။ ဒါပေမယ့် ရေမကြည်ဘူး နံတာတွေရှိတယ်” ဟု သူကပြောသည်။

မိုးမောက်မြို့နယ် စိန်လုံကျေးရွာအုပ်စုမှ စစ်ရှောင်ပြည်သူများ

စခန်းတွင်နေထိုင်သည့် စစ်ရှောင်ပြည်သူများတွင် ဖျားနာသူများရှိသော်လည်း နေအိမ်နှင့် သီးသန့် ထားနိုင်ခြင်းမရှိဘဲ ကိုဗစ်၁၉ ရောဂါပိုး စစ်ဆေးမှုလည်း ပြုလုပ်နိုင်ခြင်းမရှိသောကြောင့် သံသယစိတ်ဖြင့်နေထိုင်နေရကြောင်း သူကဆက်ပြောသည်။

“ရောဂါလည်း မစစ်ရဘူးပေါ့။ ပြီးခဲ့တဲ့ ဩဂုတ်လကတော့ Camp တစ်ခုလုံးနီးပါး အားလုံးဖျားသွားတာ၊ ဒါပေမယ့် မစစ်ရဘူးပေါ့နော်။ ပါရာဆေးသောက် ရေနွေးလည်းသောက်ပြီး ကျော်ဖြတ်ခဲ့ပြီ။ ဘယ်သူက Positive ဘယ်သူက Negative ဆိုပြီးရှင်းရှင်းလေးသိချင်တာပေါ့၊ အားလုံးက သံသယစိတ်နဲ့ စုပြီးနေ နေကြတာ ဟုတ်တယ်။ ဖြစ်နိုင်ရင်တော့ စခန်းမှာကို Test kit နဲ့အကုန်လုံးကို စစ်ဆေးပေးစေချင်တာပေါ့” ဟုသူကပြောသည်။

မိုးမောက်မြို့နယ် စိန်လုံကျေးရွာအုပ်စုရှိ ရွာ ၁၀ ရွာမှ အိမ်ထောင်စု ၆၇ စုနှင့် လူဦးရေ ၃၀၀ ကျော်ရှိပြီး ယခုချိန်၌ မိုးမောက်မြို့ စစ်ရှောင်စခန်းတွင် နေထိုင်ရန် အခက်အခဲဖြစ်နေသောကြောင်း အိမ်ထောင်စု ၂၀ ကျော်သာဝင်းတွင်းနေထိုင်ပြီး ၄၀ ကျော်မှာ ရပ်ကွက်မှ ဆွေမျိုးများ၌ မှီခိုနေထိုင်ကြကြောင်း စခန်းတာဝန်ခံက ပြောသည်။

ထိုစစ်ရှောင်ပြည်သူများသည် မိုးမောက်မြို့နယ် စိန်လုံကျေးရွာအုပ်စု အလန့်တောင်သို့ မတ်လ ၂၄ ရက်နေ့က စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်သေနတ်များ ရမ်းသမ်းပစ်ခတ်သောကြောင့် ကျေးရွာ ၁၀ ရွာမှာ အိမ်ထောင်စု ၆၇ စု၊ လူဦးရေ စုစုပေါင်း ၃၀၀ ကျော် ထွက်ပြေးတိမ်းရှောင်လာကြသည်။

သင့်ထင်မြင်ချက်ရေးပေးပါ