တန့်ဆည်တွင် ပျူစောထီးသင်တန်းဆင်း လင်မယားပစ်ခတ်ခံရ၊ ခင်ပွန်းဖြစ်သူသေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ် ငှက်ပျောတောရွာအနီးတွင် ယ‌ေန့နံနက် ၇ နာရီခန့်က ပျူစောထီးသင်တန်းဆင်း လင်မယာနှစ်ဦး အပစ်ခံရပြီး တစ်ဦးသေဆုံးသွားကြောင်းသိရသည်။

ငှက်ပျောတောရွာ မူးဘောင် လမ်းဆုံတွင် နေထိုင်သည့် ဦးဝင်းဆန်းနှင့် ဇနီးဖြစ်သူတို့ သေနတ်ဖြင့် ပစ်ခံရခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
တန့်ဆည်တွင် ပျူစောထီးသင်တန်းဆင်း လင်မယားပစ်ခတ်ခံရ၊ ခင်ပွန်းဖြစ်သူသေဆုံး
“ဦးဝင်းဆန်းရော သူ့မိန်းမရော ပစ်ခံရတာ။ ဦးဝင်းဆန်းက ခေါင်းနဲ့ ကျောမှာ ကျည်တစ်ချက်စီထိတယ် ဆုံးသွားပြီ။ သူ့မိန်းမလည်း ပစ်တော့ပစ်ခံရတယ် မသေလို့ ဆေးရုံခေါ်သွားပြီတဲ့။ သူတို့ လင်မယား နှစ်ယောက်လုံးက ပျူစောထီးသင်တန်းဆင်းတွေလေ” ဟုသူကပြောသည်။
ဦးဝင်းဆန်းဦးသည် အသက် ၄၀ နှစ်ခန့်ရှိသူဖြစ်ပြီး ဩဂုတ်လ ၂၆ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များ တန့်ဆည်မြို့နယ် ကပေါင်းကျ ကျေးရွာရှိ ဒေသခံပြည်သူတို့၏ နေအိမ်များကို ဝင်ရောက်ဖျက်ဆီးချိန်တွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်ကြောင်း သူကဆက်ပြောသည်။
စစ်ကိုင်းတိုင်း တန့်ဆည်မြို့တွင် စစ်ကောင်စီတပ်က လုံခြုံရေးတင်းကြပ်ထားပြီး ဒေသခံပြည်သူများ၏ နေအိမ်များတွင်လည်း မကြာခဏ ဝင်ရောက်ရှာဖွေစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
သင့်ထင်မြင်ချက်ရေးပေးပါ