Breaking News 47 Media
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နောင်နန်းတိုက်နယ် အုပ်ချုပ်ရေးမှူး ဦးလှမြင့်ကို ယနေ့ စက်တင်ဘာလ ၁၇ ရက်နေ့၊ နံနက် ၆ နာရီခန့် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

ဦးလှမြင့်သည် ဂေါ့နန် (ဆယ်မိုင်) ကျေးရွာမှ သားဖြစ်သူနှင့် ဆိုင်ကယ်စီးနှင်းနေစဉ် အမည်မသိ ဆိုင်ကယ်သမား နှစ်ဦးက သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ တစ်ဦးက The 74 Media ကိုပြောသည်။
“ကဝါးခရပ်ကွက်ရုံး ညစောင့်ပြန်လာချိန်မှာ သူ့သားနောက်လိုက်ထိုင်တာပေါ့၊ အိမ်ပြန်လမ်းကွေ့ထောင့်မှာ ပစ်ခံရတာ၊ သူက အရင်က စစ်သားပေါ့ ၊ သူ့သားလက်ထိသွားတယ် သူကတော့ အဲ့မှာတင် ပြုတ်ကျ သေသွားတာပေါ့” ဟု သူကပြောသည်။
လက်ရှိအချိန်တွင် ဦးလှမြင့်ကို နာရေးကားများဖြင့် သယ်ဆောင်သွားပြီဖြစ်ကြောင်း သိရသည်။ ဦးလှမြင့်သည် စစ်မှုထမ်းဟောင်း တစ်ဦးလည်း ဖြစ်သည်။
လက်တွင် သေနတ်ဒဏ်ရာ ရရှိခဲ့သည့် ဦးလှမြင့်၏ သားဖြင့်သူသည် အသက်အန္တာရယ် မစိုးရိမ်ရကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက်ကို The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ