စစ်ကောင်စီ၏ ရမ်းသမ်းပစ်မှုကြောင့် ကျည်ထိမှန်ခဲ့သည့် ကောလင်းမြို့နယ် ကျောက်တန်းကျေးရွာရှိနေအိမ်များ
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်တွင် ယနေ့ နံနက်က စစ်ကောင်စီယာဉ်တန်းမိုင်းခွဲခံရပြီးနောက် ကျောက်တန်းလမ်းဆုံအနီး ရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် ပြည်သူတစ်ဦးကို ကျည်ထိမှန်ခဲ့ကြောင်း သိရသည်။

ကျောက်တန်းကျေးရွာတွင် ဂျာလင်းအမျိုးအစားဆိုင်ကယ်စီးနှင်းလာသည့် အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ် ၇ ချက်ပစ်ခတ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။
စစ်ကောင်စီ၏ ရမ်းသမ်းပစ်မှုကြောင့် ကျည်ထိမှန်ခဲ့သည့် ကောလင်းမြို့နယ် ကျောက်တန်းကျေးရွာရှိနေအိမ်များ
“တစ်ယောက်တည်း ဂျာလင်းဘီးစီးလာတာပါ။ ယောင်္ကျားလေး အသက်လေးဆယ်ခန့်ပါ။ ဘယ်သူဘယ်ဝါဆိုတာတော့ ကွဲကွဲပြားပြားမသိပါဘူး။ သူတို့ (စစ်ကောင်စီ) သေနတ်နဲ့ ခုနှစ်ချက်လောက်ပစ်တယ် ဘယ်နှစ်ချက်ထိလဲတော့မသိဘူး။ ပြီးတော့ သူတို့ပြန်တင်သွားတယ်” ဟုသူကပြောသည်။
စစ်ကောင်စီယာဉ်တန်းလေးစီး ယနေ့နံနက်ပိုင်းက မိုင်းခွဲခံခဲ့ရပြီး တစ်စီးထိမှန်ခဲ့သဖြင့် ရမ်းသမ်းပစ်ခတ်ရာမှ ကျည်ဆံထိမှန်ခဲ့ခြင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။
စစ်ကောင်စီတပ်၏ စစ်ယာဉ်တန်းများသွားလာချိန် ရွာအနီးအနားသို့ရောက်လျှင် အမြဲလို ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်လျက်ရှိပြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ၏ နေအိမ်ပျက်စီးမှုများလည်းရှိကြောင်း သူကဆက်ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်အတွင်း စစ်ကောင်စီယာဉ်တန်းများကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မကြာခဏမိုင်းခွဲတိုက်ခိုက်လေ့ရှိပြီး မိုင်းဆွဲတိုက်ခိုက်ခံရသည့် အနီးအနားရှိ ဒေသခံပြည်သူများကို ရမ်းသမ်းပစ်ခတ်လေ့ရှိသည်။
ဓါတ်ပုံ – စစ်ကောင်စီ၏ ရမ်းသမ်းပစ်မှုကြောင့် ကျည်ထိမှန်ခဲ့သည့် ကောလင်းမြို့နယ် ကျောက်တန်းကျေးရွာရှိနေအိမ်များ
သင့်ထင်မြင်ချက်ရေးပေးပါ