စစ်ကောင်စီတပ်ဖွဲ့ဝင်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကဝါးခ ကျေးရွာရှိ စားသောက်ဆိုင် တစ်ဆိုင်တွင်စက်တင်ဘာ ၁၁ ရက်နေ့ ဖမ်းခံရသော လူငယ် ရှစ်ဦးအနက် ခြောက်ဦး ယနေ့ ညနေ ငါးနာရီခန့်က ပြန်လွတ်ခဲ့ကြောင်းသိရသည်။

ဖမ်းခံရသော လူငယ်ရှစ်ဦးအနက် နှစ်ဦးကို ဆက်လက်ထိန်းသိမ်းထားကြောင်း ဖြစ်စဉ်နှင့်နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။
“ပြန်မလွှတ်သေးတာနှစ်ယောက်ရှိတယ်၊ ဖုန်းထဲမှာ ပုံတွေ စာတွေတွေ့လို့ ဆက်ဖမ်းထားတာလို့ ကြားတယ်” ဟုသူကပြောသည်။
ဖမ်းခံရသူရှစ်ဦးအနက် ခြောက်ဦးပြန်လွတ်လာ၍ ကျန်ရှိနေသူနှစ်ဦးမှာ ရှစ်မိုင်ကျေးရွာနှင့် ဆယ်မိုင်ကျေးရွာမှ ဖြစ်ကြောင်းသိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက စက်တင်ဘာလ ၁၁ ရက်နေ့တွင် လူငယ်ရှစ်ဦးကို မှားယွင်းဖမ်းဆီးခဲ့ပြီး ခြောက်ယောက်ကို ပြန်လွတ်ပေးခြင်းဖြစ်သည်ဟု ကဝါးခရပ်ကွက်အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။
“ရွှေလိပ်ပြာဆီဆိုင်နားမှာ ကားတွေကို ဆွန်ပရာဘွမ်ဘက်က ကားတွေကို တားပြီးမှ ငွေကောက်ခံတယ်ဆိုလို့ ငါတို့က သွားတယ်၊ အဲ့လိုပိုက်ဆံကောက်စားတဲ့အဖွဲ့ကို ဖမ်းဆီးရှာဖွေတာပေါ့ သွားတော့ မင်းတို့က ဘေးမှာ လူစုလူဝေးနဲ့သောက်စားနေကြတဲ့အတွက် ခေါ်ပြီးတော့ မေးမြန်းတယ်၊ လွတ်ကင်းတဲ့သူတွေကို ပြန်လွတ်ပေးလိုက်ပါတယ် မိဘတွေကိုပြန်အပ်ပေးတယ် သူတို့ပါသွားတဲ့ငွေ ပစ္စည်းပစ္စယဖုန်းအကုန်လုံးကို လက်မှတ်ထိုးပြီး ပေးလိုက်ပါတယ်” ဟုသူကပြောသည်။
ဆက်လက်ထိန်းသိမ်းခံထားရသူနှစ်ဦးကို အမှတ် ၁ ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားပြီး မည်သည့်ပုဒ်မဖြင့် အမှုဖွင့်အရေးယူမည်ကို မသိကြောင်း သူက ဆက်ပြောသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်းအနီးတွင် စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၄ နာရီခွဲခန့်ကလည်း လူငယ် ၇ ဦးနှင့် အထက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
သင့်ထင်မြင်ချက်ရေးပေးပါ