စစ်ကောင်စီတပ်
ကချင်ပြည်နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယနေ့နံနက် ၆ နာရီခန့်က ဒေါ့ဖုန်းယန်မြို့နယ်မှ မိုးမောက်မြို့နယ်သို့ ထွက်ခွာသွားကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀၀ ခန့်သည် မိုးမောက်မြို့နယ် အလော့ဘွမ်အနီးသို့ ရိက္ခာများဖြင့် ခြေလျင်ထွက်ခွာသွားသည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ပန်စွန်တောင် ကိုသွားတာနေမှာ။ အဲ့ဘက်မှာ သူတို့ Post ရှိတယ်လေ။ သူတို့လူအင်အားတော့ ၂၀၀ လောက်ရှိတယ်။ ရိက္ခာတွေလည်း ပါတယ်။ လမ်းလျှောက်တတ်သွားကြတာ” ဟုပြောသည်။
ဒေါ့ဖုန်းယန်မြို့နယ်ရှိ ရွာများတွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်များ ထွက်ခွာသွားသော်လည်း မြို့နယ်ထွေအုပ်ရုံးတွင် ကျန်ရှိနေသေးကြောင်း အမည်မဖော်လိုသည့် အခြားဒေသခံ တစ်ဦးက The 74 Media ကိုပြောသည်။
“သူတို့ ရွာထဲမှာတော့ မရှိတော့ဘူး။ ရွာအပြင်ဘက်တော့ရှိနေသေးတယ်။ အိမ်တွင်းမှုတွေ၊ ဆေးရုံတွေ၊ ဘုန်းကြီးကျောင်းမှာတွေ တပ်စွဲထားတဲ့သူတွေတော့ မရှိတော့ဘူး။ ထွေအုပ်ရုံးမှာတော့ တချို့ရှိသေးတယ်။ အစက ၆၀ လောက်ရှိတာ ဒီမနက်တော့ ၃၀ ဝန်းကျင်လောက်ပဲတွေ့တယ်။ ရွာအထက်ပိုင်း တောတွေမှာလည်း ရှိတယ်” ဟု ဆိုသည်။
ဒေါ့ဖုန်းယန်မြို့နယ် ခ.လ.ရ (၁၄၂)တပ်တွင် ယမန်နေ့ ည ၉ နာရီခန့်ကလည်း သေနတ်သံများ ကြားရကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ် တပ်မ ၈၈သည် ဇူလိုင်လဆန်းပိုင်းမှစ၍ ဒေါ့ဖုန်းယန်မြို့နယ်ရှိ ဆေးရုံ၊ ဘာသာရေး အဆောက်အအုံနှင့် အစိုးရရုံးများတွင် တပ်စွဲထားပြီး ရွာတွင်းသို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများကြောင့် အိမ်မွေးတိရိစ္ဆာန်များ မကြာခဏ ထိခိုက်သေဆုံးလျက်ရှိသည်။
သင့်ထင်မြင်ချက်ရေးပေးပါ