တနိုင်းမြို့နယ် ရှိန်လုံဂါးကျေးရွာ
ကချင်ပြည်နယ်၊ တနိုင်း-ရှင်ဗွေယန်လမ်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) က ပိတ်ဆို့လိုက်ပြီး တစ်ရက်အကြာ ရှိန်လုံဂါးကျေးရွာတွင် ယနေ့နံနက် ၁၀ နာရီခန့်မှစတင်ကာ စစ်ကောင်စီတပ်ဖွဲ့နှင့် KIA တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

တိုက်ပွဲကြောင့် ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိအချိန်ထိ အသံကြားနေရကြောင်း ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“တိုက်ပွဲက တရုန်နဲ့ လဂျားဘွမ်ကြားထဲက ရှိန်လုံမှာဖြစ်တာ။ အခုထိလည်း အသံကြားနေရတုန်းပဲ။ ခုနက သေနတ်သံတွေလည်း အရမ်းကြားရတယ်။ အခုက နည်းနည်းပြန်ငြိမ်သွားပြန်ပြီ။ ဗုံးအသံပဲကြားရတော့တယ်။ နားစွင့်နေတုန်းပဲ။ တချို့ရွာသားတွေကတော့ တိမ်းရှောင်နေကြပြီ။ တချို့ကတော့ အိမ်စောင့်နေကြတာ။ စိုးရိမ်စရာတော့ရှိတယ်” ဟု ပြောသည်။
ရှိန်လုံဂါးကျေးရွာနေ ပြည်သူများနှင့် နေအိမ်ထိခိုက်မှုမရှိသေးသော်လည်း ရွာသားများမှာ သတိထားနေရကြကြောင်း သူကပြောသည်။
စစ်ကောင်စီတပ်ဖွဲ့မှ စစ်ကြောင်းထိုးလာသည့်အတွက် တနိုင်း-ရှင်ဗွေယန် ကားလမ်းကို ယမန်နေ့ စက်တင်ဘာလ ၇ ရက်နေ့က KIA အဖွဲ့က သွားလာခွင့် ပိတ်ပင်ခဲ့သည်။
တရုန်ကျေးရွာသည် ယခင်က စစ်ကောင်စီ စစ်တပ်တစ်ခုတပ်စွဲထားသော်လည်း စစ်အာဏာသိမ်းပြီးနောက် ထိုနေရာကို KIA တပ်ရင်း ၄၅ က ထိန်းချုပ်ထားသည်ဟု သိရသည်။
သင့်ထင်မြင်ချက်ရေးပေးပါ

Leave a Reply

Your email address will not be published. Required fields are marked *