တနိုင်းမြို့နယ် ရှိန်လုံဂါးကျေးရွာ
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ရှိ တနိုင်းနှင့်ရှင်ဗွေယန်ကိုသွားသည့်လမ်းမကို KIA အဖွဲ့မှ ရက်အကန့်အသတ်မရှိ ပိတ်ဆို့လိုက်ကြောင်း သိရသည်။

ကားလမ်းပိတ်ရသည့် အကြောင်းရင်းမှာ စစ်ကောင်စီတပ်ဖွဲ့မှ စစ်ကြောင်းထိုးလာသောကြောင့် ဖြစ်နိုင်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။
“လမ်းပိတ်တယ်ဆိုတာက မနေ့ကမနက် ၈နာရီကျော် ၉နာရီလောက်မှာ စစ်ကားသုံးစီးနဲ့စစ်သားတွေအပြည့်နဲ့ တနိုင်းကနေ ရှင်ဗွေယန်ကို စစ်ကြောင်းထိုးလာလို့ ယာဉ်လိုင်း ပိတ်လိုက်တာ ဖြစ်နိုင်တယ်။ လမ်းက ဒီတစ်လမ်းပဲရှိတာ ဆိုတော့လေ။ ပိတ်တဲ့ရက်က အကန့်အသတ်မရှိဘူးလို့ သိရတယ်။ စစ်ကြောင်းထိုးတာလား။ ထောက်ပို့လားတော့မသိဘူး။ သူတို့အဲ့လိုသွားလိုက်လို့ လမ်းကို အဝင်အထွက် ပိတ်လိုက်တဲ့သဘောပေါ့” ဟု ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့များ ရောက်ရှိလာသောကြောင့် ရှင်ဗွေယန်မြို့နယ်ခွဲ၊ တရုန်အုပ်စုရှိ လဂျားဘွမ်ကျေးရွာတွင် အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်ကြောင်း သူကဆက်ပြောသည်။
တရုန်ကျေးရွာသည် ယခင်က စစ်ကောင်စီမှ တပ်စွဲထားသော်လည်း စစ်အာဏာသိမ်းပြီးနောက် ထိုနေရာကို KIA တပ်ရင်း ၄၅ က ထိန်းချုပ်ထားကြောင်းသိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG သည် ယနေ့ စက်တင်ဘာလ ၇ ရက်က စစ်ကောင်စီကို ပြန်လည်တော်လှန်ရန် စစ်ကြေညာထားသောနေ့ဖြစ်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ