Karenni nationalities defense force - KNDF
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ ၅ မိုင်နှင့် ၆ မိုင်ကျေးရွာတွင် ယမန်နေ့ စက်တင်ဘာ ၇ ရက်နေ့ ညနေ ၅ နာရီခန့်က ကရင်နီပြည်သူ့တပ်မတော် KNDF နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားချိန် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး သေဆုံးခဲ့ကြောင်းသိရသည်။

၅ မိုင်နှင့် ၆ မိုင်ကျေးရွာ၌ ဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးပြီး KNDF မှ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း KNDF သတင်းနှင့် ပြန်ကြားရေးဌာန လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
ထို့ပြင် ဒီးမော့ဆိုမြို့နယ် ဒေါ့ပိုးစီကျေးရွာတွင်လည်း ယမန်နေ့ စက်တင်ဘာ ၇ ရက် မွန်းလွဲ ၃ နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“စကစတပ်သားတွေ ကား ၇စီးလောက်နဲ့ ဒီးမော့ဆိုလမ်းအတိုင်း သွားလိုက်တာတွေ့တယ်။ အဲ့နောက် လက်နက်ကြီး၊ လက်နက်ငယ် သံတွေ စကြားတော့တာဘဲ လက်နက်ကြီးသံတွေ အများကြီးဘဲ အချက် ၃၀ လောက်ရှိမယ်” ဟု သူကပြောသည်။
ပစ်ခတ်တိုက်ခိုက်မှုသည် ၂နာရီ ၄၅ မိနစ်မှစ၍ ၃ နာရီ ၂၀ မိနစ်တွင် ရပ်နားသွားကြောင်း သူကဆက်ပြောသည်။
ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KNDF ကလည်း မွန်းလွဲ ၃ နာရီခန့်မှ စ၍ ဒေါပိုးစီကျေးရွာတွင် လာရောက်တပ်စွဲထားသော စစ်ကောင်စီတပ်ကို ခုခံကာကွယ် တိုက်ခိုက်လျက်ရှိကြောင်း စာထုတ်ပြန်ထားသည်။
photo: Karenni nationalities defense force – KNDF
သင့်ထင်မြင်ချက်ရေးပေးပါ