မိုးညှင်းမြို့
ကချင်ပြည်နယ်၊ မိုးညှင်းမြို့ရှိ ပင်ဟဲကျေးရွာတွင် PDF များကို ထောက်ပံ့သည်ဟု စွပ်စွဲပြီး ဖမ်းဆီးခံရသူများ ဒေသခံခြောက်ဦး မိသားစုနှင့် တွေ့ခွင့်မရသေးကြောင်း သိရသည်။

ပင်းဟဲကျေးရွာတွင် PDF များကို ထောက်ပံ့သည်ဟု စွပ်စွဲခံရသည့် ဒေသခံခြောက်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက စက်တင်ဘာလ ၁ ရက်နေ့က ဖမ်းဆီးသွားပြီး ယနေ့ထိ မိသားစုနှင့် အဆက်အသွယ်မရသေးကြောင်း နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။
“ဖမ်းပြီး နောက်ရက်ပြန်လွှတ်ပေးမယ်ပြီး သူတို့မိသားစုတွေကလည်း စိတ်ပူနေကြတာ အခုထိမလွတ်သေးဘူး။ အိပ်ယာတွေ သွားပို့ပေမယ့် ပြန်လာယူခိုင်းတယ်တဲ့။ တွေ့လည်းမတွေ့ရ အခြေအနေလည်းမသိရဖြစ်နေတယ်။ လာဖမ်းတဲ့ သူတွေက အများကြီး ကားအဖြူသုံးစီးလာသွားတယ်။ သူတို့အင်္ကျီမှာ လည်း လက်နက်တွေ ထည့်လို့ရတဲ့ ဝတ်စကုပ်ဝတ်ထားတယ်။ သေနတ်အရှည်လည်းကိုင်ထားကြတယ်။ အရပ်ဝတ်တွေလည်း ပါတယ်” ဟုသူကပြောသည်။
ဖမ်းဆီးခံရသူ ခြောက်ဦးတွင် အမျိုးသား ငါးဦးနှင့် အမျိုးသမီးတစ်ဦးပါဝင်ပြီး လက်ရှိအချိန်တွင် မည်သည့်နေရာ၌ ဖမ်းဆီးထားသည်ကို မသိရှိရသေးကြောင်း သူကဆက်ပြောသည်။
အဆိုပါခြောက်ဦးကို ဆန္ဒပြရာတွင် ပါဝင်ခြင်း၊ PDF များကို ချိတ်ဆက်ထောက်ပံ့ခြင်းများ ပြုလုပ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက မိုးညှင်းမြို့တွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြရာတွင် ပါဝင်သူ၊ နိုင်ငံရေးတက်ကြွလုပ်ရှားသူဟု သံသယရှိသူများကို မကြာခဏ လိုက်လံဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိသည်။
သင့်ထင်မြင်ချက်ရေးပေးပါ